ပြည်သူ့ဂုဏ်ရည်ဆု ပဏာမ စာရင်း ထုတ်ပြန်

1.9K
မြန်မာပြည်မှာ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း လုပ်နေသူတွေကို ဂုဏ်ပြု ချီးမြှင်တဲ့ တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) အတွက် ဆန်ကာတင်စာရင်းဝင် ၂၀ ဦးကို ရွေးချယ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မှာ မေ ၂၇ ရက်နေ့ ကျင်းပမယ့် ဆုရွေးချယ်ပေးအပ်ပွဲအတွက် ပဏာမ အဆင့် ၂၀ ဦး စာရင်းကို ဂုဏ်ပြုပွဲ အခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
ဆုအတွက် အမည်စာရင်း တင်သွင်းတာကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ပြီးတော့ လူ ၃၃ ဦး အဆိုပြုထားတဲ့အထဲကနေ ၂၀ ဦး ထပ်မံရွေးချယ်လိုက်တာလို့ ပြည်သူ့ဂုဏ်ရည်ဆု အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီပဏာမ အမည်စာရင်းထဲက နောက်ဆုံး ဆန်ကာတင် ၅ ဦးကို အမေရိကန်ပြည်ထောင်စုအတွင်းနဲ့ ပြည်ပနိုင်ငံများမှာရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဌာနခွဲများ တည်ရှိရာ မြို့အသီးသီးက ဧပြီ ၂၂ ရက်နေ့ နောက်ဆုံးထား ရွေးချယ်မယ်လို့လည်း ဆိုပါတယ်။
၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ စာရင်းဝင်တဲ့ အသင်းအဖွဲ့တွေကတော့ ဇီဝိတဒါန သံဃာ့ဆေးရုံ၊ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ၊ ရခိုင်သဟာရအသင်း (ရန်ကုန်)၊ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့၊ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)၊ သုခရိပ်မြုံ အိပ်ခ်ျအိုင်ဗွီကူးစက်ခံ မိဘမဲ့လေးများဂေဟာ၊ မေတ္တာ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနဲ့ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ ဖြစ်ပါတယ်။
ရဟန်းသံဃာတော်များနဲ့ လူပုဂ္ဂိုလ်တွေကတော့ အရှင်ဥာဏိဿရ၊ အရှင်နာယက (မန္တလေး ဖောင်တော်ဦးကျောင်းဆရာတော်)၊ အရှင် ပညာစာရ၊ ဆရာတော် ဦးအာစိဏ္ဏ (တေဇာရာမ ဘုန်းတော်ကြီးသင်အလယ်တန်းကျောင်း)၊ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်၊ မေတ္တာမွန် ကုန်လှောင်ရုံ မီးလောင်မှုမှာ အသက်ပေးသွားတဲ့ မီးသတ်ရဲဘော် ၅ ဦး၊ ဦးရောဘတ်စန်းအောင်၊ လဖိုင်နော်မိန်း၊ ဦးသန်းနိုင် (Community Water Filtration System)၊ ဒေါ်သန်းမြင့်အောင်၊ ဦးအုန်း (Minamata Environmental Award ဆုရှင်) တို့ဖြစ်ပါတယ်။
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်းမှ ဦးကျော်သူနဲ့ ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို ရွှေဝါရောင် သံဃာ့အရေးအခင်းကြောင့် အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့သံဃာတော်တွေနဲ့ သီလရှင်တွေကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့ခဲ့တဲ့ ဒေါ်ရှုက ရရှိခဲ့ပါတယ်။
