အမေရိကန်တွင် တိုးဂိတ်ဝန်ထမ်း မြန်မာအမျိုးသမီးတဦး ကားတိုက်ခံရပြီး သေဆုံး
DVB
·
December 6, 2017
အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ တံတားတစင်းပေါ်က တိုးဂိတ်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတဦးဟာ ကုန်တင်ကားတစီးဝင်တိုက်ခံခဲ့ရပြီး သေဆုံး သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၂ ရက်နေ့မနက်အစောပိုင်းက ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဘရစ်ခ်ျတံတားပေါ်မှာ ဖြစ်ခဲ့ပြီး အသက် ၄၆ နှစ်အရွယ် မြန်မာအမျိုးသမီး စီစီဟန်ဟာ နေရာတင် သေဆုံးသွားခဲ့တယ်လို့ အက်စ်အက်ဖ်ဂိတ်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီနေ့မနက် ၅ နာရီကျော်လောက်မှာ ယာဉ်မောင်းဟာ ကားကို အရှိန်နဲ့ မောင်း နှင်လာခဲ့တာဖြစ်ပြီး တိုးဂိတ်ကြေးကောက်စခန်းကို ၀င်မတိုက်မိခင်မှာ ကား ၄ စီးကို ဆင့် တိုက်ခဲ့တာပါ။
ယာဉ်မောင်းဖြစ်သူ အသက် ၃၂ နှစ်အရွယ် ဒန်နီယယ်လ်ဘာ့ခ်ဟာ မူးယစ်ဆေး ၀ါးသုံးစွဲထားပုံပေါ်ပြီး လက်ရှိမှာတော့ သူ့ကို တခြားယာဉ်တိုက်ခံရသူတွေနဲ့အတူ ဆေးရုံကို ပို့ဆောင်ထားခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။
သူ့ကို မူးယစ်ဆေးဝါးသုံးစွဲမှု၊ ယာဉ်တိုက်မှုနဲ့ လူသေဆုံးမှုတွေနဲ့ အမှုဖွင့်ထားခဲ့တာဖြစ်ပြီး အသေးစိတ်အခြေအနေတွေကိုတော့ လာမယ့်သီတင်းပတ်အတွင်းမှသာ ထုတ်ပြန်နိုင်မယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်အစိုးရပြောရေးဆိုခွင့်ရသူ မက်သရူး ဟမ်မာက ပြောပါတယ်။
စီစီဟန်ဟာ ကယ်လီဖိုးနီးယားပြည်နယ် ပို့ဆောင်ရေးဌာန-ကာလ်ထရန် (Caltrans)မှာ တာဝန်ထမ်းဆောင်နေတာ ဆယ်စုနှစ်တစုလောက်ရှိနေခဲ့ပြီးဖြစ်ကာ သေဆုံးချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ ၁၀ နှစ်အရွယ် သမီးတဦး ကျန်ရှိနေခဲ့တာပါ။
ခုလိုသေဆုံးရမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဂျယ်ရီဘရောင်းက သတင်းထုတ်ပြန် ချက်တစောင်ထုတ်ပြန်ခဲ့ပြီး “ကယ်လီဖိုးနီးယားသားတွေကိုယ်စား သေဆုံးသူ စီစီဟန်ရဲ့ မိသားစု၊ လုပ်ဖော်ကိုင်ဖက်နဲ့ မိတ်ဆွေတွေနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲရကြောင်း” ပြောကြားခဲ့ပါတယ်။