မြေစာပုံပြိုကျသဖြင့် အမျိုးသမီး ၁ ဦး မြေပိသေဆုံး
DVB
·
December 5, 2017
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဆင်စခန်းကျေးရွာအုပ်စုမှာ ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီလောက်က အုတ်လုပ်ဖို့ပုံထားတဲ့ မြေစာပုံပြိုကျပြီး အသက် ၃၉ နှစ်အရွယ်အမျိုးသမီးတဦး မြေပိသေဆုံးခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းက သိရပါတယ်။
သေဆုံးသူဟာ ပေါင်းတည်မြို့ စပါးကြွယ်ကျေးရွာကနေ အုတ်လုပ်ဖို့ လာရောက်လုပ်ကိုင်နေသူ မညွန့်ညွန့်စိန်ဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ ညနေပိုင်းမှာ အုတ်လုပ်ဖို့ ပုံထားတဲ့ အမြင့်ပေ ၁၂ လောက် မြေစာပုံမှ မြေသယ်စဉ်မြေပြိုကျပြီး မြေပိသေဆုံးခဲ့တာလို့ အုတ်ကွင်းလုပ်သားတဦးက ပြောပါတယ်။
တိုက်ကြီးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်သူစိုးက “ဖြစ်တဲ့အချိန်က ၃ ရက်နေ့ ညနေပိုင်းကဖြစ်တာ။ ၄ ရက်နေ့ မနက် ၆ နာရီခွဲမှာ ဆင်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူးက စခန်းကိုအကြောင်းကြားလို့ စခန်းမှူးရယ်၊ ကျနော်တို့ အဖွဲ့တွေရယ်၊ အုပ်ချုပ်ရေးအဖွဲ့တွေသွားတော့ အလောင်းက အပြင်ရောက်နေပြီ အလုပ်သမား တွေပြောတာက အဲဒီနေ့ကမှ ရောက်တာတယောက်ထဲ မိသားစုဝင်တွေ မပါဘူး။ ရောက်တဲ့ ညနေဘက်မှာပဲ အခုလိုဖြစ်သွားတာလို့ပြောပါတယ်” လို့ ပြောပါတယ်။
သေဆုံးမှုနဲ့ ပတ်သက်ပြီး တိုက်ကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၅/၂၀၁၇ နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း - မေသွယ်