Home
မြန်မာသတင်း
ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေး
Aung Ko Latt
·
December 4, 2017
  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက စားဖိုချောင်ဌာနမှူး တရုတ်နိုင်ငံသား လီတာချုးဆိုသူကို လဝကဥပဒေနဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က ပြည်နှင်ဒဏ်ပေး လိုက်ပါတယ်။ ဒီကိစ္စကို စစ်ကိုင်းတိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကို လူကိုယ်တိုင်သွားရောက်မေးမြန်းရာမှာ ပြည်နှင်ဒဏ်ပေးတာကို အတည်ပြုပေမယ့် ဘယ်နေ့ ဘယ်ရက်က ဘယ်လိုကြောင့် ပြည်နှင်ဒဏ် ပေးတယ်ဆိုတာကိုတော့ တိုင်းညွှန်မှူးမရှိလို့ ဖြေကြားပေးနိုင်သူမရှိတဲ့အတွက်ဆိုပြီး တစုံတရာ မေးမြန်းခွင့် မရခဲ့ပါဘူး။ လီတာချုးကို ဝမ်ပေါင်ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ မြန်မာဝန်ထမ်း မကြည်ကြည်မေကို နှိပ်စက်ညှဉ်းပန်းတဲ့အတွက်ဆိုပြီး တရားစွဲဆိုခဲ့တဲ့အမှုကို ၂ နှစ်ခွဲကျော်အကြာမှာ မုံရွာမြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၁ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၃၅၄ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက်ကြောင့် ဒဏ်ငွေ ၅ သိန်း သို့မဟုတ် ထောင်ဒဏ် (၂) လကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာပါ။ "ကျနော်တို့ သတင်းကြားတာတော့ ပြည်နှင်ဒဏ်ပေးလိုက်ပြီလို့ကြားတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုလာ ကိုယ့်နိုင်ငံက သယံဇာတယူပြီး ကိုယ့်နိုင်ငံသားကို စော်ကားတာကို ပြစ်မှုထင်ရှားရဲ့သားနဲ့ အခုလို ငွေဒဏ်လောက်နဲ့ပြီးသွားတာကိုတော့ အားရ ကျေနပ်မှုမရှိဘူး။ ဒဏ်၂ ရပ်လုံးချလို့ရပါရက်နဲ့ ပြစ်ဒဏ်လေျာ့ပေါ့ချတယ်။ နောက်ထပ်ဒါမျိုး ပြဿနာတွေကို လက်ယပ်ခေါ်သလိုဖြစ်နေတယ်။ နောက်ထပ်လည်း ဒါမျိုးပြဿနာတွေ ဖြစ်မလာဘူးလို့ပြောမရဘူး။ အဲလိုပုံစံမျိုးတွေမဖြစ်အောင် တရားရုံးက ချမှတ်တဲ့အမိန့်ကျတော့ ပြစ်ဒဏ်ကတော့ ပေါ့လျော့လွန်းအားကြီးတယ်"လို့ မကြည်ကြည်မေရဲ့ အမှုနဲ့ပတ်သက်ပြီး လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ကိုတင့်အောင်စိုးက ဒီဗွီဘီကိုပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024