အစည်းအဝေး ဆုံးဖြတ်ချက်များကို ခွင့်ပြုချက်မရှိဘဲ မီဒီယာကို ဖြေကြားပါက YRTA အရေးယူမည်
ပြည့်ဘုန်းအောင်
·
December 4, 2017
YBS နဲ့ ပတ်သက်တဲ့ အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက် ပြောကြားချက်တွေကို ခွင့်ပြုချက်မရှိဘဲ သတင်းဂျာနယ်တွေ၊ လူမှုကွန်ရက်ဖေ့ဘွတ်ခ် စာမျက်နှာတွေမှာ ဖော်ပြ ရေးသားတာ မပြုလုပ်ဖို့နဲ့ မလိုက်နာရင် ဥပဒေအရ အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ယာဉ်လိုင်းပိုင်ရှင်တွေကို သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်စွဲနဲ့ ယာဉ်လိုင်းကုမ္ပဏီတွေထံ YRTA က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီသတိပေးအကြောင်းကြားစာမှာ ယာဉ်လိုင်းပိုင်ရှင်တွေကို သတိပေးထားတဲ့အချက်အပါအဝင် လက်ရှိပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲကမှ ၁၉၉၃ ကနေ ၂၀၀၃ ခုနှစ်မော်ဒယ်ကားတွေ အပ်နှံလိုရင် အပ်နှံခွင့်ပြုကြောင်းလည်း ပါဝင်ပါတယ်။
ယာဉ်လိုင်းကုမ္ပဏီပိုင်ရှင်တဦးက “ရန်ကုန်တိုင်းအစိုးရရုံးမှာ လုပ်တဲ့ အစည်းအဝေးမှာတော့ မီဒီယာတွေကို မဖြေကြားရဘူး။ မိမိကိုယ်ပိုင်လူမှုကွန်ရက်တွေမှာ မတင်ရဘူးဆိုတဲ့ အချက်တော့ မပါဘူး။ အခု အကြောင်းကြားစာထဲမှာမှ ဒီအချက်က ပါလာတာ။ အဓိကကတော့ YBS နဲ့ ပတ်သက်ပြီး မီဒီယာတွေက ဖော်ပြနေတဲ့ အခြေအနေတွေကို သဘောမကျလို့ ထင်တယ်”လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်လက်အောက် မှာ အများပိုင်ယာဉ်လိုင်း ကုမ္ပဏီ ၂၀ နီးပါးရှိပါတယ်။
အခု သတိပေးအကြောင်းစာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံ ဆက်သွယ် မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။