အမျိုးသားပညာရေးမဟာဗျုဟာစီမံကိန်း အကောင်အထည်ဖော်ရန်ဆွေးနွေး
Aung Ko Latt
·
December 4, 2017
ပညာရေးတိုးတက်မြင့်မားဖို့နဲ့ အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အထောက်အကူပြုစေဖို့ ရည်ရွယ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကာ ဆွေးနွေးပွဲကျင်းပနေပါတယ်။
ဆွေးနွေးပွဲမှာ တိုင်းအတွင်း ခရိုင် ၈ ခုမှ ခရိုင်အဆင့် ပညာရေးဌာန တာဝန်ရှိသူတွေက ပညာရေးဌာနအားနည်းချက်၊ အားသာချက်တွေ ကို စာတမ်းတင်သွင်း ဖတ်ကြားခဲ့ကြပြီး တက်လာလာသူတွေက အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
တိုင်းပညာရေးဌာနအနေနဲ့လည်း စာတမ်း ၄ စောင်ဖြစ်တဲ့ အခြေခံပညာရေးကဏ္ဍ ဗဟိုချုပ်ကိုင်မှုဖြေလျော့ခြင်း၊ ၂၀၁၆-၂၁ အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်း အားနည်းချက်၊ အားသာချက်၊ ပညာရေးဝန်ထမ်းများ အခက်အခဲနှင့် စိန်ခေါ်မှုများနှင့် ပညာရေးအသုံးစရိတ် မြှင့်တင်မှုနှင့် ပွင့်လင်းမြင်သာမှုစတဲ့ စာတမ်း ၄ စောင်ကိုလည်း တင်သွင်းဖတ်ကြား ဆွေးနွေးဖို့ ရှိပါတယ်။
လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက “ပညာရေးဌာနက အခြားဌာနတွေထက် ဝန်ထမ်းအင်အားပိုများပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတဲ့ဌာနလည်း ဖြစ်ပါတယ်။ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ နေ့ချင်းညချင်း လုပ်ဆောင်လို့မရဘဲ တဆင့်ခြင်းပြုပြင်ပြောင်းလဲရမှာဖြစ်ပြီး အခုဆွေးနွေးပွဲမှာလည်း အပြုသဘောဆောင်ပြီး အရင်အဆက်ဆက်ကလို အားလုံးကောင်းပါသည်ခင်ဗျားလို့မဟုတ်ဘဲ ပွင့်ပွင့်လင်း လင်းဆွေးနွေးကြဖို့” တိုက်တွန်းပြောပါတယ်။
ဒီဇင်ဘာ ၄ ရက်ကနေ ၅ ရက်ထိ ၂ ရက်တာကျင်းပမယ့် ဒီဆွေးနွေးပွဲကရရှိတဲ့ အကြံပြုဆွေးနွေးချက်တွေ၊ ထွက်ရှိလာတဲ့စာတမ်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနကို တင်ပြသွားမယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုကော်မတီအနေနဲ့ ပညာရေးဌာနနဲ့ပူးပေါင်းပြီး ပညာရေးကဏ္ဍအလုပ်ရုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ်ပြုလုပ်တာလည်းဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနဲ့ ပညာရေးဌာန တိုင်း၊ ခရိုင်အဆင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။