ဝတပ်ဖွဲ့​ ငြိမ်း​ချမ်း​ရေး​ ၂၃ နှစ်ပြည့်​ အခမ်း​အနား​ ကျင်း​ပ

ဝပြည်​သွေး​စည်း​ညီညွတ်​ရေး​အဖွဲ့​ (ယူဒဗလျူအက်စ်​အေ) ငြိမ်း​ချမ်း​ရေး​ ၂၃ နှစ်ပြည့်​ အခမ်း​အနား​ကို ၀ ထိန်း​ချုပ်နယ်​မြေမှာ ကျင်း​ပ​နေပါတယ်။ ငြိမ်း​ချမ်း​ရေး​အထိမ်း​အမှတ်ပွဲကို ရှမ်း​ပြည်နယ် အ​ရှေ့​ပိုင်း​ ယူဒဗလျူအက်စ်​အေ ထိန်း​ချုပ်နယ်​မြေ မိုင်း​ပေါက်မြို့​က စစ်​လေ့​ကျင့်​ရေး​ကွင်း​မှာ ဧပြီ ၁၀ ရက်​နေ့​က စပြီး​ ကျင်း​ပ​နေပြီး​ ဝတ်စုံပြည့်​ ချီတက်ပွဲ အခမ်း​အနား​ကို​တော့​ မနက်ဖြန်မနက် ၈ နာရီခွဲမှာ ကျင်း​ပမယ်လို့​ ယူဒဗလျူအက်စ်​အေ ပြင်ပ ဆက်ဆံ​ရေး​ဌာန ဒုတိယဌာနကြီး​မှူး​ ဦး​စံခွန်း​က ​ပြောပါတယ်။ “တကယ့်​နေ့​ပေါ့​နော်။ ဧပြီလ ၁၇ ရက်​နေ့​ဆိုတာက ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ပြီး​ အာဏာသိမ်း​တဲ့​နေ့​။ တကယ့်​ကျင်း​ပမှာက မနက်ဖြန်မှာ။ ၁၀ ရက်​နေ့​က စပြီး​တော့​ ခရိုင်အသီး​သီး​က​နေ ​ပြေး​ခုန်ပစ်တို့​၊​ ဘတ်စကတ်​ဘော၊​ လွန်ဆွဲပွဲတို့​ တ​လျှောက်လုံး​ ကျင်း​ပလာခဲ့​တယ်။ ညဆိုလည်း​ ​ဖျော်​ဖြေ​ရေး​၊​ ယဉ်​ကျေး​မှုပွဲ ​ဖျော်​ဖြေ အကပြိုင်တာ​တွေ ရှိတယ်။” အခမ်း​အနား​ကို ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရ ခရိုင် ၆ ခုက ၀ အရာရှိအရာခံ တပ်သား​တွေ၊​ ယူဒဗလျူအက်စ်​အေ မဟာမိတ် မိုင်း​လား​တပ်ဖွဲ့​က ကိုယ်စား​လှယ်​တွေ တက်​ရောက်မှာ ဖြစ်ပါတယ်။ ဒါ့​အပြင် တရုတ်ပြည်ဘက်က ဧည့်​သည်​တွေ၊​ ၀ ​ဒေသမှာ ဝင်​ရောက်အကူအညီ​ပေး​နေတဲ့​ နယ်စပ်​ဒေသ တိုင်း​ရင်း​သား​လူမျိုး​များ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ (နတလ) ဝန်ထမ်း​နဲ့​ ကမ္ဘာ့​ကုလသမဂ္ဂ စား​နပ်ရိက္ခာ ဖွံ့​ဖြိုး​ရေး​အစီအစဉ်က ဝန်ထမ်း​တွေ၊​ အန်ဂျီအိုအဖွဲ့​တွေလည်း​ တက်​ရောက်ဖို့​ ဖိတ်ကြား​ထား​တယ်လို့​ ဦး​စံခွန်း​က ​ပြောပါတယ်။ တိုင်း​ရင်း​သား​လက်နက်ကိုင်တပ်ဖွဲ့​တွေထဲက စစ်သည်အင်အား​ အ​တောင့်​တင်း​ဆုံး​ဖြစ်တဲ့​ ယူဒဗလျူအက်စ်​အေတပ်ဖွဲ့​ဟာ ၁၉၈၉ ခုနှစ်၊​ ​မေလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)က​နေ ခွဲထွက်ပြီး​ နဝတအစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ ပြုလုပ်ခဲ့​ပါတယ်။ နဝတ အစိုး​ရက ရှမ်း​ပြည်​မြောက်ပိုင်း​အထူး​ဒေသ (၂) လို့​ သတ်မှတ်​ပေး​ပြီး​ ကိုယ်ပိုင်အုပ်ချုပ်​ရေး​အသွင်နဲ့​ မိမိနယ်​မြေဖွံ့​ဖြိုး​ရေး​တွေ လုပ်​ဆောင်ခဲ့​ပြီး​ ၂၀၀၉ ခုနှစ်မှာ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကိစ္စနဲ့​ ပတ်သက်ပြီး​ နအဖအစိုး​ရနဲ့​ အ​ခြေအ​နေ တင်း​မာခဲ့​ပါတယ်။ ၂၀၁၁ မှာ ဦး​သိန်း​စိန်အစိုး​ရက တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ခဲ့​ရာမှာ ၂၀၁၁ ဒီဇင်ဘာလ ၂၆ ရက်​နေ့​မှာ ပြည်​ထောင်စုအဆင့်​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူလက်မှတ် ထိုး​ခဲ့​ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up