A d v e r t i s e m e n t With Us

အဟောင်းကိုပစ် အသစ်ကို ပြောင်းရာဝယ် သမိုင်းတပတ် ပြန်မလည်စေဖို့

၁၉၈၀ ပြည့်နှစ်မှာ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေး ရပြီးကတည်းက နှစ်ပေါင်း ၃၇ နှစ်တိုင်တိုင် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး အာဏာရှင် ရောဘတ်  ဂေဘရီရဲလ်မူဂါဘီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ သမ္မတရာထူးက နုတ်ထွက်ခဲ့ရပြီး သူ့ရဲ့ အာဏာရှင်ခေတ်ကို အဆုံးသတ်ခဲ့ရပါတယ်။ မူဂါဘီလက်ထက်မှာ ဒုသမ္မတဟောင်း ဖြစ်ခဲ့ပြီး သမ္မတကတော် ဂရေ့စ်မူဂါဘီနဲ့ အတိုက်အခံ ပြုခဲ့တာကြောင့် အာဏာရှင် မူဂါဘီက ထုတ်ပယ်တာ ခံခဲ့ရလို့ ပြည်နှင်ဒဏ် ခံနေရတဲ့ အီမာဆင် မနန်ဂါဂွါကို လက်ရှိအာဏာရ မူဂါဘီရဲ့ ပါတီကနေ သမ္မတအလောင်းအဖြစ် အဆိုပြုခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကျမ်းကျိန်ပြီးတာနဲ့ အသစ်တက်လာတဲ့ ဇင်ဘာဘွေ ခေါင်းဆောင်ကတော့ အကျင့်ပျက် ခြစားတဲ့ခေတ်ကို အဆုံးသတ်ကြမယ်လို့ ပြောလာခဲ့ပါတယ်။ လက်တွေ့မှာ ပြောတဲ့အတိုင်း လုပ်မှာလား၊ တကယ် ဆောင်ရွက်နိုင်မလား ဆိုတာကတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြရမှာပါ။ အာဏာရှင် မူဂါဘီ အလွန်ခေတ်မှာ အဂတိလိုက်စားမှု၊ အကျင့်ပျက် ခြစားမှုတွေ ကင်းစင်လို့ ဒီမိုကရေစီခရီး ပန်းတိုင် မြန်မြန်ဆန်ဆန် ရောက်ဖို့ဆိုတာ ဇင်ဘာဘွေပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ပေါ် မူတည်ပါလိမ့်မယ်။ လောလောဆယ်တော့ ဇင်ဘာဘွေနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ပွင်လင်းမြင်သာရေးအဖွဲ့ (Transparency International) ရဲ့ ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်အရ ရမှတ် ၂၂ နဲ့ အကျင့်ပျက် ခြစားမှုညွှန်ကိန်း ၁၅၄ အဆင့်မှာ ရှိနေပါတယ်။ ကဲ… အခု ကျနော်တို့ နိုင်ငံဘက်ကို ပြန်ကြည့်ရအောင်။ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာရေးအဖွဲ့ရဲ့ ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက်မှာ ရမှတ် ၂၈ နဲ့ အကျင့်ပျက် ခြစားမှုညွှန်ကိန်း ၁၃၆ အဆင့်မှာ ရှိနေပါတယ်။ အရင်တုံးက ရခဲ့တဲ့ အဆင့်တွေနဲ့ ယှဉ်ရင်တော့ တိုးတက်လာတယ် ပြောရမှာပါ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလထဲမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ အသည်းကြားက မဲပြားတွေနဲ့ NLD ပါတီ အပြတ်အသတ် အနိုင်ရခဲ့ပြီး ပြည်သူ့အစိုးရကို ၂၀၁၆ ခုနှစ်မှာ စဖွဲ့နိုင်ခဲ့တော့ လူတချို့က ထင်ကြမယ်... ဒီမိုကရေစီ ရပြီလို့ပေါ့။ တကယ်တော့ အဲဒီအချိန်ကစပြီးမှ အလွန်ခက်ခဲ သိမ်မွေ့တဲ့အပိုင်း၊ ရုပ်ပိုင်း စိတ်ပိုင်း ၂ ရပ်လုံးနဲ့ ကဏ္ဍအသီးသီးမှာ ဆိုးဆိုးဝါးဝါး ယိုယွင်းနေတဲ့ နိုင်ငံကို ပြုပြင်တည်ဆောက် မြှင့်တင်ရေးအပိုင်း ရောက်လာတာလို့ ပြောရမှာပါ။ ဆင်းရဲမွဲတေမှု ထုတက်နေပြီး ဆင်းရဲ ချမ်းသာ ကွာဟမှု အလွန်ကြီးမားလှတဲ့ နိုင်ငံတနိုင်ငံကို ပြုပြင်ပြောင်းလဲရမယ့် အလုပ်ဟာ အပြောလွယ်သလောက် အလုပ်ခက်မယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ အခွင့်ထူးခံခွင့်ရပြီး ချမ်းသာကြွယ်ဝနေသူတွေ၊ လုပ်ပိုင်ခွင့် အာဏာရှိသူတွေနဲ့ နီးစပ်လို့ အဆင်ပြေသူတွေ၊ တိုင်းပြည်ဘဏ္ဍာ လူထုငွေကြေးတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ခိုးဝှက်ပြီး ဘဝအာမခံချက် ရှိနေသူတွေ၊ မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဘဝ အခြေကျလာသူတွေ… စတဲ့ စတဲ့ အပြောင်းအလဲကို မလိုလားသူတွေ နှောင့်ယှက် ခြေထိုးနေသူတွေ မှိုလိုပေါက်နေတဲ့ တိုင်းပြည်မှာ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ဖို့ဆိုတာ လွယ်လွယ်ကူကူ မဖြစ်နိုင်ပါဘူး။ နိုင်ငံတနိုင်ငံ ဖြစ်ဖြစ်၊ မိသားစုတစုဖြစ်ဖြစ် ဆင်းရဲမွဲတေမှုက လွတ်မြောက်နိုင်ဖို့ စီးပွားရေးကောင်းလာအောင် ဆောင်ရွက်နိုင်ဖို့ ဘယ်လို အခြေအနေတွေရှိဖို့ လိုသလဲ၊ ဘယ်လို အခြေအနေတွေက တိုင်းပြည် စီးပွားမတက်အောင် တားဆီးနိုင်တဲ့ အဟန့်အတားတွေ ဖြစ်နိုင်သလဲဆိုတာ ဉာဏ်မီသလောက် စဉ်းစားကြည့်မိပါတယ်။ ကိုယ်တိုင်က စီးပွားရေး မလုပ်ဘူး၊ စီးပွားရေးပညာရှင် မဟုတ်တာမို့ စီးပွားတက်အောင် ဘယ်လိုနည်းနဲ့ လုပ်သင့်သလဲ ဆိုတာတော့ သေသေချာချာ မသိပါဘူး။ ဒါပေမယ့် ဒီကိစ္စကို သာမန် အရပ်သားတယောက်ရဲ့ အမြင်နဲ့ ရိုးရိုးလေး စဉ်းစားကြည့်ရင်း အောက်ပါအတိုင်း တွေးမိပါတယ်။ (၁) နေ့စဉ်နဲ့အမျှ သွေးထွက်သံယို သတ်ပုတ်နေတဲ့ အိမ်ထောင်စုတစု - ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချ မလုပ်နိုင်ပါဘူး။ (၂) အိမ်တွင်းသူခိုးတွေ များနေတဲ့ အိမ်တအိမ် - အကျင့်ပျက် ခြစားမှု လှိုက်စားနေတဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချမလုပ်နိုင်ပါဘူး။ (၃) အိမ်တွင်း အုပ်ချုပ်ပုံစနစ် မမှန်ကန်တဲ့ ကမောက်ကမ အိမ်တအိမ် - တရားဥပဒေ မစိုးမိုးစေအောင် နိုင်ငံတော်အဆင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မမှန်ကန်တဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချ မလုပ်နိုင်ပါဘူး။ (၄) ပညာအခြေခံ၊ စီးပွားရေးအမြင် အခြေခံအားနည်းတဲ့ မိသားစု - တွေးခေါ်မြော်မြင်မှု၊ စီးပွားရေးပေါ်လစီ အားနည်းတဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချ မလုပ်နိုင်ပါဘူး။ (၅) အချင်းချင်း ချစ်ချစ်ခင်ခင် မရှိ၊ ညီညွတ်မှုမရှိတဲ့ အိမ်တအိမ် - တယောက် တပေါက် ငြင်းခုံ အပြစ်ရှာ ချောက်တွန်းနေတဲ့ တိုင်းပြည်ဆိုရင်လည်း စီးပွားရေးကို ဇောက်ချ မလုပ်နိုင်ပါဘူး။ (၆) အချောင်ခိုသမားများတဲ့ အိမ်တအိမ် - အခွင့်ထူးခံချင်သူ များတဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချ မလုပ်နိုင်ပါဘူး။ (၇) အတ္တကြီးပြီး တကိုယ်ကောင်းသာ ကြည့်တတ်သူများတဲ့ အိမ်တအိမ် - ဝိသမ လောဘသားတွေ၊ အစွန်းရောက် အစွဲကြီးသူပေါတဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချ မလုပ်နိုင်ပါဘူး။ (၈) အပြောသမားများပြီး လက်တွေ့သမား နည်းတဲ့ အိမ်တအိမ် - ဝေဖန်ရေး လေကန်ရေးသမား များပြီး ပူးပေါင်းလုပ်ဆောင်သူ နည်းပါးတဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချ မလုပ်နိုင်ပါဘူး။ (၉) စည်းပျက်ကမ်းပျက် ပရမ်းပတာ နေထိုင်သူများတဲ့ အိမ်တအိမ် - ဥပဒေကို မလေးစား မလိုက်နာသူများတဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချ မလုပ်နိုင်ပါဘူး။ (၁၀) အကျင့်မကောင်းသူများတဲ့ အိမ်တအိမ် - သီလပျက်သူပေါတဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချ မလုပ်နိုင်ပါဘူး။ (၁၁) အရည်အချင်းရှိပြီး စိတ်ဓာတ်မှန်သူတွေ ဦးဆောင်ခွင့်မရတဲ့ အိမ်တအိမ် - လူမှန် နေရာမှန် မရှိတဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချမလုပ်နိုင်ပါဘူး။ (၁၂) မျက်နှာလိုက်တတ်ပြီး မျှမျှတတ မအုပ်ချုပ်တတ်တဲ့ အိမ်ထောင်ဦးစီးရှိတဲ့ အိမ်တအိမ် - နာယကဂုဏ် ၆ ပါး၊ မင်းကျင့်တရား ၁၀ ပါးကို မစောင့်ထိန်းနိုင်တဲ့ အစိုးရ မင်း အုပ်စိုးတဲ့ တိုင်းပြည် ဆိုရင်လည်း စီးပွားရေးကို ဇောက်ချ မလုပ်နိုင်ပါဘူး။ အရပ်စကားနဲ့ ထင်သာမြင်သာအောင် ခြုံငုံပြောရရင် ကသောင်းကနင်း ဖြစ်နေတာမို့ အိမ်မသာရင် ဧည့်မလာဘူး ဆိုသလို လာဘ်တိတ်စေတဲ့ အခြေခံဆိုးတွေ၊ စီးပွားပျက်စေတဲ့ အကြောင်းတရားတွေလို့ ပြောရမယ် ထင်ပါတယ်။ မြန်မာနိုင်ငံကို စီးပွားရေး ဇောက်ချလုပ်နိုင်အောင် အထက်မှာ ရေးထားတဲ့ အချက်တွေ အနက်က ဘယ်နှချက်လောက် လွတ်ကင်းနေပြီလို့ စာဖတ်သူတွေ ထင်မြင်ပါသလဲ၊ အဲဒီလို ပြောလို့ စီးပွားရေးလုပ်လို့ မရဘူးလားလို့လည်း မဆိုလိုပါဘူး။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရနိုင်သလောက် ပေးလာတဲ့ အခြေအနေအတွင်းကနေ အကောင်းဆုံး ကြိုးစားပြုပြင် ဆောင်ရွက်ကြရမှာပါပဲ။ မြန်မာ့နိုင်ငံရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးရဖို့ တနှစ်အလို အချိန်တိုတိုလေးအတွင်းမှာ အစိုးရ ဖွဲ့နိုင်ဖို့ ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေး (ဖ.ဆ.ပ.လ) အဖွဲ့ချုပ်ကြီးကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းပြီး ပါတီ အမတ်လောင်းတွေကို တက်သုတ်ရိုက် ရွေးခဲ့ရပါတယ်။ အဲဒီအမတ်တွေ အားလုံးကို ၁၀၀ ရာခိုင်နှုန်းတော့ မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ မဟုတ်ဘူးဆိုတာ ဗိုလ်ချုပ်ကိုယ်တိုင် ပြောခဲ့တာပါပဲ။ ဒါပေမယ့် ဖ.ဆ.ပ.လ ဟာ ပြည်သူအများစုကို ကိုယ်စားပြုထားတာကို ဘယ်သူမှ ငြင်းနိုင်လိမ့်မယ် မထင်ပါဘုး။ ဂဠုန်ဦးစောတို့ ထောင်ထားတဲ့ မျိုးချစ်ပါတီနဲ့ တခြား လူနည်းစုပါတီတွေက အားနည်းချက်ကို ရှာမီးမောင်းထိုးပြီး ဖ.ဆ.ပ.လ ပါတီအပေါ် အမျိုးမျိုး ဝေဖန်တိုက်ခိုက်ခဲ့ကြတာပါပဲ။ သို့ပေသော်ငြားလည်း ဖ.ဆ.ပ.လ အဖွဲ့ချုပ်ရဲ့ အနှစ်သာရကိုတော့ တိုက်ခိုက်လို့ မရခဲ့ပါဘူး။ ဒါကြောင့်လည်း အာဏာရဖို့ မျှော်လင့်ချက်မရှိတော့တဲ့ ဂဠုန်ဦးစောဟာ မစားရတဲ့အမဲ သဲနဲ့ပက်ဖို့ အာဇာနည်ခေါင်းဆောင်တွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တော့တာပါပဲ။ ဗိုလ်ချုပ် သက်ရှိထင်ရှားရှိစဉ် မပြိုကွဲခဲ့တဲ့ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက် လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်မှာ တည်မြဲ ဖ.ဆ.ပ.လ နဲ့ သန့်ရှင်း ဖ.ဆ.ပ.လ ရယ်လို့ နှစ်ခြမ်းကွဲထွက်သွားတဲ့အပြင် နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းတွေနဲ့ မဖြေရှင်းကြဘဲ အသာရသူတွေက အင်အားသုံး အကြမ်းဖက် ဖြေရှင်းခဲ့ကြတော့ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်လောင်ခဲ့ရာက စစ်အာဏာရှင်စနစ် ပေါ်ထွန်းလို့ တနိုင်ငံလုံး အခုချိန်ထိအောင် အကြမ်းဖက် ဖြေရှင်း ဗိုလ်ကျတတ်တဲ့ စစ်အာဏာရှင် အသိုင်းအဝိုင်း သံကွန်ညှပ်အောက်က ရှင်းရှင်းလင်းလင်း မလွတ်မြောက်သေးပါဘုး။ အခုတခါ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာ သမိုင်းတပတ် ပြန်လည်ဖို့ တာစူနေတဲ့ လက္ခဏာတွေ တွေ့လာရပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီးနဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့ကြရာက ပေါ်ထွန်းလာခဲ့တဲ့  ပြည်သူလူထု အိပ်မက် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အလံကို ကိုင်စွဲလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ဟာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်နဲ့ သဘောချင်း ဆင်ပါတယ်။ ခက်ထရော်ကြမ်းတမ်းတဲ့ ရာသီဥတုအောက်မှာ ပေါက်ရောက်ခဲ့ရတဲ့ အပင်လို စစ်အာဏာရှင် စစ်ဖိနပ်အောက်မှာ ကြောက်မက်ဖွယ် နှိပ်ကွပ်မှုတွေကြား အနှစ် ၂၀ ကျော် လူးလွန့်ရှင်သန်ခဲ့ရတဲ့ NLD ဟာ သန်စွမ်းစွာ ပေါက်ရောက်ခွင့် မရခဲ့တာမို့ အောင်သီးအောင်နှံတွေ သီးသလို အဖျင်းအမှော် အသီးအနှံတွေလည်း ပါနေမှာ အသေအချာပါပဲ။ အခုချိန်အခါမှာ အပြောင်းအလဲကို မလိုက်ပါလိုသူတွေ၊ လူမျိုးရေး၊ ဘာသာရေး မှိုင်းမိပြီး အစွဲပြင်းထန်သူတွေ၊ မိမိအလိုမပြည့်မှုအတွက် မကျေနပ်နေသူတွေဟာ ပြည်သူ့အစိုးရကို အကွက်ချောင်းပြီး အခွင့်ကောင်း ရတာနဲ့ ထိုးနှက်လို့ လူထုရဲ့ ယုံကြည်မှု ကျဆင်းအောင် ညီညွတ်မှုမရှိအောင် ကတုံးကတိုက်ပြုနေကြချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းပြည်ကို အမြန်ဆန်ဆုံး ပြောင်းလဲတိုးတက်စေလိုပြီး ချမ်းသာ အောင်မြင်စေချင်တဲ့ ပြည်သူတချို့ကလည်း NLD အမတ်တွေရဲ့ လုပ်နိုင်ကိုင်နိုင် စွမ်းရည်အပေါ် အားမလိုအားမရ ဖြစ်နေတာ ရှိသလို အစိုးရ ပေါ်လစီတွေကို မိမိ သိထားတဲ့ အချက်ကို အခြေခံပြီး သဘောထား မတိုက်ဆိုင်မှုတွေ ရှိနေပါတယ်။ ရိုးသားစွာ ဝေဖန်မှု၊ မရိုးသားစွာ ဝေဖန်မှု၊ အချိန်မှား နေရာမှား အခြေအနေအမှား အချက်အလက် မပြည့်စုံဘဲ ဝေဖန်မှု၊ အချိန်အခါ ဒေသမှန်စွာ ရွေးချယ်ဝေဖန်မှုတွေ ရောထွေးပြီး နိုင်ငံရေး နွားရိုင်းသွင်းချိန်လို ဖြစ်နေပါတယ်။ အဓိကနဲ့ သာမည မခွဲတာ၊ ဆန္ဒရှေ့တန်းတင်တာ၊ ဝေဖန်ထောက်ပြမှုနဲ့ ရှုတ်ချ အပြစ်တင် ကဲ့ရဲ့မှု မခွဲတတ်ဘဲ ပြောဆိုရေးသား လှုံ့ဆော်တာတွေဟာ အပြောင်းအလဲကို မလိုလားသူတွေနဲ့ သဘောထားချင်း တူလို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်အိပ်မက်ဖြစ်တဲ့ ဖိနှိပ်မှုကင်းတဲ့၊ အခွင့်ထူးခံသူ မရှိတဲ့၊ ဒီမိုကရေစီပန်းတိုင်ဆီ အရောက်လှမ်းနေရာမှာ နှောင့်နှေးစေရုံမက ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ်မီး တောက်လောင်စေသလို NLD ပြည်သူ့အစိုးရအပေါ် ယုံကြည်ထောက်ခံမှုတွေ လျော့ကျပြီး  ညီညွတ်မှုတွေ ပျက်ပြားလို့ ပြည်တွင်းစစ်မီးတောက်ကို ငြှိမ်းသတ်ရာမှာ ကြီးစွာသော အခက်အခဲတွေ၊ အကျိုးဆက်တွေ ဖြစ်တည်စေနိုင်ပါတယ်။ ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ပြည်သူက ရွေးကောက်ထားတဲ့ လက်ရှိအစိုးရဟာ အညတရ အာဇာနည် အထောင် အသောင်းရဲ့ အသက်တွေ၊ ဘဝတွေ ရင်းနှီးပေးဆပ်လို့ ပြည်သူလူထု အသွေးအသားတွေနဲ့ သွန်းလောင်းစိုက်ပျိုးထားတဲ့ ဒီမိုကရေစီသစ်ပင်ပါ။ ဒီအပင်ပေါက်လေး မရှင်သန်နိုင်ရင်၊ မဖွံ့ထွားခဲ့ရင် တိုင်းပြည်နဲ့ ပြည်သူအများစုပဲ နစ်နာကြရမှာပါ။ အနာရောဂါ စွဲကပ်နေတဲ့ လူမမာတွေဟာ ဘယ်လောက်တော်တဲ့ ဆရာဝန်သမားကောင်းတွေနဲ့ ကုသ ကုသ၊ ကိုယ်တိုင်က ရောဂါ  ပျောက်ရာပျောက်ကြောင်း အားမထုတ်ဘူး၊ ဆေးမသောက်ချင်ဘူး ဆိုရင် ရောဂါမပျောက်ကင်းနိုင်ပါဘူး။  မြန်မာနိုင်ငံသားတိုင်း နိုင်ငံအကျိုး၊ လူထုအကျိုးအတွက် ရလဒ်ကောင်းတဲ့ အလုပ်သုံးပါး ကံတို့ကို ထိထိရောက်ရောက် ပြုနိင်ကြပါစေ။ မင်းကောင်းချစ်

A d v e r t i s e m e n t With Us

More News
Up