နတ်မောက်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၁၆ ဦး ပြင်းထန်ဒဏ်ရာရ၊ ယာဉ်မောင်း ထွက်ပြေး
DVB
·
December 3, 2017
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်သာအုပ်စု၊ ရွှေညောင်ပင် စားသောက်ဆိုင်အနီး နတ်မောက်-ပျော်ဘွယ် ကားလမ်းမှာ ဒီဇင်ဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည် ၁၆ ဦး အပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ နတ်မောက်မြို့မရဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ နတ်မောက်မြို့နယ်၊ ဂွေးချိုကျေးရွာအုပ်စု၊ ဖုန်ကုန်းကျေးရွာနေ မိုးမင်း မောင်းနှင်လာသော ကားဟာ ကုန်ပစ္စည်းနဲ့ ခရီးတွေကို သယ်ဆောင်လာပြီး မောင်းနှင်လာစဉ် နတ်မောက်မြို့နယ် မိုင်တိုင်အမှတ် ၅၈/၅ နဲ့ ၅၈/၆ ကြားအရောက်မှာ ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ဘဲ ပြွန်တံတားအုပ်ခုံကို ဝင်ရောက်တိုက်မိကာ မော်တော်ယာဉ်ဟာ ဘေးတစောင်းလဲကျသွားကာ ခရီးသည် ၁၆ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို နတ်မောက်ဆေးရုံကနေ မကွေးဆေးရုံကို လွှဲပြောင်းထားရတယ်လို့ နတ်မောက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရဲဇော်ထက်က ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ် ယာဉ်မောင်းမှာ ဒဏ်ရာရသူတွေကို ကူညီဆောင်ရွက်မှုမပေးဘဲ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
နတ်မောက်ရဲစခန်းက ယာဉ်မောင်း မိုးမင်းကို ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃၃၇ /၂၀၂ နဲ့ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း-မင်ထီး