ကျား/မ အခွင့်အရေးဆိုင်ရာ သင်တန်း ဘားအံတွင် ဖွင့်လှစ်
DVB
·
December 3, 2017
နိုင်ငံတကာက ကျား/မ အခွင့်အရေးနဲ့ပတ်သက်ပြီး တွန်းအားပေးဆောင်ရွက်နေသလို ယူအန်ဒီပီလို ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကပါ အထူးအလေးထား ဆောင်ရွက်နေတယ်လို့ ယူအန်ဒီပီ မွန် ကရင် တာဝန်ခံ ဒေါ်နီနီလွင် က ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက် မနက် ၁၀ နာရီက ဘားအံမြို့ သံလွင်ပါရာဒိုက်စ် ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ တရားဥပဒေစိုးမိုးရေး ကျား/မ အခွင့်အရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ ကုလသမဂ္ဂဖွံ့ဖြိုးမှူအစီအစဉ်(UNDP) မွန်၊ကရင် တာဝန်ခံ ဒေါ်နီနီလွင် က “ကျား/မ ကဏ္ဍနဲ့ပတ်သက်ပြီးတော့ ကျမအနေနဲ့ ကျမတို့ UNDP လို့ အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ တခြား UN အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ တခြား INGO အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ဒီကဏ္ဍကြီးကိုပေါ့လေ အမြဲတမ်း ကိုယ်ရဲ့ လုပ်တဲ့ လုပ်ငန်းစဉ်တိုင်း ချိတ်ဆက်ပြီးတော့ ထည့်သွင်း စဉ်းစားပြီးတော့ ဆောင်ရွက်နေတာပါ။ ဒါလည်း နိုင်ငံတကာကနေပြီးတော့ ကျမတို့ ကျား/မ ကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အားလုံးက တွန်းအားပေးပြီး ဆောင်ရွက်တယ်။ ကျမတို့ကိုယ်တိုင်ကလည်း ကျမတို့လို ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကလည်း ဒီကိစ္စကို အထူးအလေးထားပြီးတော့ ဆောင်ရွက်နေတယ်”လို့ ပြောပါတယ်။
ကရင်ပြည်နယ် တရားရေး ဦးစီးမှူး ဦးကျော်စွာငြိမ်း က“ကျား/မနဲ့ပတ်သက်တာ ကျနော်တို့ ဆီမှာ မရှိပါဘူး ဒီမှာကတော့လေ။ ကျနော်တို့ဆီမှာ ခွဲမှ မခွဲခြားထားတာ။ ဘယ်လိုပဲ ဖြစ်နေပါစေ မိန်းကလေးဆို သူများနိုင်ငံတွေလို လက်ထပ်ထိမ်းမြားတာကအစ ဘာကအစ ကျနော်တို့ ဆီမှာ မိန်းမတွေက နစ်နာစေမှု မရှိဘူးလေ။ ကျနော်တို့ဆီမှာ မိန်းမတွေအတွက် အထူးအခွင့်အရေး ဥပဒေတောင်ရှိတယ်။ ဒါကတော့ ကျနော်တို့ ဆီမှာ မရှိပါဘူး။ သူတို့ သင်တာတွေကတော့ ကျနော်တို့ တရားမျှတမှုစံနှုန်းတွေ နောက်တခါ အမျိုးသား အမျိုးသမီး မခွဲခြားဘဲနဲ့ တန်းတူရှိမှု ဒါတွေ သူတို့သင်မှာ”လို့ ပြောပါတယ်။
ကမ္ဘာ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) တရားဥပဒေစိုးမိုးရေးအရာ (သင်တန်းနည်းပြ) ဦးဇော်မင်းနောင် က “အားနွဲ့တဲ့ မရှိဆင်းရဲသားလို ဟာမျိုးတွေ၊ ကလေးသူငယ်လို ဟာမျိုးတွေ၊ အမျိုးသမီး ဒီအကြမ်းဖက်ခံရတဲ့ ပုဂ္ဂိုလ်လို ဟာမျိုးတွေဆိုလိုရှိရင် တရားရုံးတွေအနေနဲ့ ဘယ်လိုပြုမူဆက်ဆံသင့်တယ်၊ နိုင်ငံတကာမှာတော့ ဘယ်လိုပြုမူ ဆက်ဆံကြတယ်။ ဒါတွေဟာ ဆိုလို့ရှိရင် တရားစီရင်ရေး တရားဥပဒေစိုးမိုးရေး အတွက် ဘယ်လို အကျိုးပြုတာတွေဆိုတဲ့ ဟာကို ကျနော်တို့က ဆွေးနွေးတဲ့ပုံစံနဲ့ အများဆုံးလုပ်ဆောင်သွားမှာ”လို့ ပြောပါတယ်။
အဆိုပါသင်တန်းကို တရားဥပဒေစိုးမိုးရေး၊ အမျိုးသမီး အကြမ်းဖက်မှု၊ ကျား/မ ကဏ္ဍတွေမှာ၊ လုပ်ထုံး လုပ်နည်း၊ ဥပေဒေ အချက်အလက်တွေကို ကိုးကားပြီး နိုင်ငံတကာမှာ ဥပဒေရဲ့ အကာအကွယ်ပေးမှု၊ တရားစီရင်မှုတွေကို တရားရေးရာဝန်ထမ်းတွေ၊ ဥပဒေအရာရှိတွေ၊ တရားသူကြီးတွေကို မျှဝေသိရှိစေဖို့အတွက် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ် သင်ကြားပေးရတာလို့ သိရပါတယ်။
သင်တန်းကို ကရင်ပြည်နယ်အတွင်းရှိ တရားရေးဝန်ထမ်း၊ ဥပဒေအရာရှိနဲ့ တရားသူကြီးတွေ တက်ရောက်မှာဖြစ်ပြီး သင်တန်းကာလ ၄ ရက်ကြာမြင့်မယ်လို့ သိရပါတယ်။
ရဲမင်းခေါင်