အဲဗာတန်အသင်းကို ဥရောပ၀င်ခွင့်ရရေး ကြိုးပမ်းမည်ဟု နည်းပြသစ် ပြော

2K
အဲဗာတန်အသင်းကို ဥရောပဝင်ခွင့်နဲ့ ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်ထိရောက်အောင် ကြိုးပမ်းသွားမယ်လို့ နည်းပြသစ် ဆမ်အာလာဒိုက်စ်က ပြောလိုက်ပါတယ်။
အသက် ၆၃ နှစ်အရွယ် အာလာဒိုက်စ်ဟာ ပြီးခဲ့တဲ့ ကြားရက်က ဝက်စ်ဟမ်းအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ စတင်ကိုင်တွယ်ခဲ့ပြီးတော့ အဖွင့်လှခဲ့သူလည်း ဖြစ်ပါတယ်။
အခုနှစ်ရာသီမှာ ခြေစွမ်းပျက်ယွင်းနေတဲ့ အဲဗာတန်အသင်းကို နည်းပြကိုးလ်မန်း လက်ကနေ လွှဲပြောင်းရယူပြီးချင်းမှာပဲ နိုင်ပွဲစတင်တွေ့ရှိသွားခဲ့တာ ဖြစ်ပါတယ်။
အာလာဒိုက်စ်ဟာ အဲဗာတန်အသင်းကို ပုံမှန်နေရာပြန်လည်ရောက်ရှိဖို့ထက် ဥရောပဝင်ခွင့်နဲ့ ကျန်ဖလားပြိုင်ပွဲတွေမှာ ဖိုင်နယ်အဆင့်ထိ ရောက်ရှိရေးကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသင်းကို တိုးတက်လာစေပြီးတော့ ရည်ရွယ်ချက်အတိုင်း အနာဂတ်မှာ အောင်မြင်စေဖို့ ပြင်ဆင်သွားမယ်လို့လည်း ပြောပါတယ်။
အာလာဒိုက်စ်ဟာ နယူးကာဆယ်၊ ဘော်လ်တန်၊ ဘလက်ဘန်း၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ ခရစ်စတယ်ပဲလေစ့် အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဝါရင့်နည်းပြကြီး တစ်ဦးလည်း ဖြစ်ပါတယ်။