A d v e r t i s e m e n t With Us

၂၀၁၇ ခုနှစ်အတွင်း အွန်လိုင်းပေါ် ရေပန်းစားခဲ့သည့် ကမ္ဘာတလွှား ချစ်စဖွယ် တိရစ္ဆာန်လေးများ (ဓာတ်ပုံ)

ချစ်စဖွယ်တိရစ္ဆာန်လေးတွေရဲ့ ပြုမူလှုပ်ရှားပုံတွေဟာ သင်တို့ကို စိတ်ကြည်နူးစေမှာ အမှန်ပါပဲ။ ဒီပုံတွေထဲမှာတော့ ၂၀၁၇ ခုနှစ် တနှစ်တာကာလအတွင်း အွန်လိုင်းပေါ်မှာ ရေပန်းစားခဲ့တဲ့ ကမ္ဘာတလွှားမှ ချစ်စဖွယ် တိရစ္ဆာန်လေးတွေရဲ့ ပုံတွေကို ချိုင်းနားဒေးလီး သတင်းဌာနက ကောက်နုတ်ဖော်ပြထားခဲ့တာပါ။ ပထမပုံမှာတော့ ဆွီဒင်နိုင်ငံမှ ရှဥ့်နီကလေးတွေရဲ့ ဂီတတူရိယာ တီးခတ်နေပုံကို  ဓာတ်ပုံဆရာ ဂီးယာ့တ် ဝက်ဂျမ်က သစ်တောအိမ်တခုအတွင်း စနစ်တကျပြင်ဆင် ရိုက်ကူးထားခဲ့တာပါ။ နောက်တပုံကတော့ ဂျပန်နိုင်ငံမှ ပိုင်ရှင်ဖြစ်သူ ရီးမက်ဆူအီရဲ့ ၃ နှစ်အရွယ် ကြောင်ကလေးဖြစ်ပြီး စားဖိုမှူးပုံစံနဲ့ အစားအစာတွေရှေ့မှာ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်ပုံနဲ့ ချစ်စဖွယ် ကြောင်ကလေးရဲ့ သွင်ပြင်ကို ဒီဓာတ်ပုံထဲမှာ တွေ့မြင်ရမှာပါ။ တတိယမြောက်ပုံကတော့ တရုတ်နာမည်ကျော် ပန်ဒါဝက်ဝံပေါက်ကလေး ကျိရီရဲ့ ပုံဖြစ်ပြီး ပြုစုစောင့်ရှောက်သူတဦးရဲ့ ခြေထောက်ကို ခိုတွယ်ဖက်ထားခဲ့ပုံဟာ နာမည်ကြီးသွားခဲ့တာပါ။ အဆော့သန်တဲ့ လေးလအရွယ် ဝက်ပေါက်ကလေး ဟန့်ခ်ကတော့ ရုပ်သံဗွီဒီယိုဖိုင်တွေနဲ့အတူ အင်စတာဂရမ်စတား ဖြစ်နေခဲ့တာပါ။ နံပါတ် ၅ နေရာမှာတော့ စွန့်ပစ်ခံခွေးကလေး ရှဲလ်တန်ရဲ့ သနားစဖွယ်ရုပ်သွင်ကို တွေ့မြင်ကြရပါမယ်။ သူကတော့ အမေရိကန်နိုင်ငံမှဖြစ်ပြီး သခင်.. ကျနော့်ကို မွေးမလား၊ မမွေးဘူးလားလို့ မေးနေဟန်က တကယ့်ကို ချစ်စရာပါပဲ။ အမွေးစုတ်ဖွားနဲ့ ခွေးကလေး တက်ဒီကတော့ နံပါတ်တစ်အတန်းအစားလို့ ပြောရမလိုပါပဲ။ ၈ နှစ်အရွယ် တက်ဒီဟာ ဝိုင်အရသာ မြည်းစမ်းတာ၊ ပန်းသီးကိုက်စားရတာတွေ၊ ကမ်းခြေမှာ လမ်းလျှောက်ရတာတွေကို နှစ်သက်တယ်လို့ ဆိုပါတယ်။ နံပါတ် ၇ နေရာမှာ ဖော်ပြထားတဲ့ ဖြူဖွေးဆွတ်နေတဲ့ အသွေးအမွေး၊ မျက်လုံးပြာပြာနဲ့ ကြောင်ကလေးကတော့ ကြောင်ဆိုတာထက် ချစ်စရာ အရုပ်တရုပ်နဲ့သာ တူနေခဲ့တာပါ။ နာမည်ကျော် ရုပ်ရှင်ဇာတ်လမ်းတွဲ X Men ရဲ့ဇာတ်ကောင် ဝုလ်ဗ်ရင်းနဲ့တူတဲ့ ကြောင်မလေးရဲ့ ရုပ်သွင်ကတော့ ကြောင်ချစ်သူတွေကြားမှာ ပြောမဆုံး ဖြစ်ခဲ့ရပါတယ်။ နံပါတ် ၉ နေရာမှာတော့ သခင့်ကို “တူတူရေ…ဝါး” လို့ ပြောချင်နေဟန် ချစ်စရာ ပိုမရေးနီးယန်း ခွေးကလေးရဲ့သွင်ပြင်ကို တွေ့မြင်ရမှာပါ။ ရေချိုးခန်းတွင်းမှ ဇိမ်ခံနေတဲ့ ရှီဘာအီနူ ခွေးကလေးရဲ့ပုံကတော့ နံပါတ် ၁၀ နေရာမှာ ရှိနေပြီး သူဟာ လမ်းအကြာကြီး လျှောက်ခဲ့ရပြီးနောက်မှာ ပင်ပန်းသွားခဲ့တာလို့ ဆိုပါတယ်။ ဖယောင်းတိုင်တွေထွန်းထားတဲ့ ရေချိုးကြွေကန်ထဲမှ ခွေးကလေး ချီကိုရဲ့ ခေါင်းပေါ်မှာ ပဝါနဲ့ ပေါင်းထားခဲ့ပုံဟာ တကယ့်ကို ချစ်စရာ ကောင်းနေခဲ့ပါတယ်။ အမဲလိုက်ခွေးကလေး ၂ ကောင်ရဲ့ အမွေးအရောင်ဟာ အဖြူနဲ့အမည်း ဆန့်ကျင်ဘက် ဖြစ်နေပေမယ့် တကောင်နဲ့တကောင် ချစ်ခင်ရင်းနှီးနေကြတဲ့ပုံကတော့ နံပါတ်စဉ် ၁၁ နေရာမှာ ရှိနေပါတယ်။ နောက်ဆုံးဖော်ပြထားခဲ့တဲ့ ကြောင်ကလေး ဟိုဆီကိုကတော့ တကယ့်ကို အင်တာနက်စတားဖြစ်နေပြီး နာမည်ကြီးရုပ်ရှင် Puss in Boots ထဲကလို့ မကြာခဏ တင်စားပြောဆိုကြကာ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ပရိသတ် ၅ သိန်းကျော် ရရှိထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - IC  

A d v e r t i s e m e n t With Us

More News
Up