အဖွဲ့ချုပ် သွေးကူညီရေးအဖွဲ့ အလှပြယာဉ်ဖြင့် လှည့်လည်ဖျော်ဖြေမည်
နော်နိုရင်း
·
April 12, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘီဂျီ သွေးကူညီရေးနဲ့ ပညာဌာနအဖွဲ့ကနေ သင်္ကြန်မှာ အလှပြယာဉ်နဲ့ ရန်ကုန်မြို့မှာ လှည့်လည်ဖျော်ဖြေမယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရ ကိုညီညီက ဆိုပါတယ်။
သင်္ကြန်အကြိုနေ့ နေ့ခင်းပိုင်းကစပြီး ပုဇွန်တောင်မြို့နယ်မှာ ဖျော်ဖြေပြီး အဲဒီနောက်ပိုင်း မင်္ဂလာတောင်ညွန့်ကို သွားရောက်မယ်လို့ ပြောပါတယ်။
အလှပြယာဉ်မှာ အန်အယ်လ်ဒီ တံဆိပ်၊ ဒေါင်းနဲ့ ပတ်သက်တဲ့ သီချင်းတွေနဲ သင်္ကြန်သီချင်းတွေ ဖျော်ဖြေသွားမယ်လို့ ကိုညီညီက ပြောပါတယ်။
“ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကွန်ရက်တခုဖြစ်တဲ့ ဖျော်ဖြေရေး အလှပြယာဉ် စထွက်မယ်။ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလူတွေ၊ ဗဟိုက လူငယ်တွေ၊ စုစည်းပြီး လုပ်ထားတာပါ။ ဘဘ ဦးတင်ဦးနဲ့ ရန်ကုန်တိုင်း တာဝန်ခံကိုလည်း အကြောင်းကြားစာပို့လိုက်တယ်။ ပုဇွန်တောင်က ၉ နေရာဖိတ်ထားတယ်။ အမေ့အတွက် စပ်ထားတဲ့သီချင်းတွေ၊ အဖွဲ့ချုပ်ကို ဂုဏ်ဆောင်တဲ့ သီချင်းတွေပါတယ်။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်းပဲ အခြားသောပါတီ၊ အခြားသောအဖွဲ့အစည်း၊ အသင်းအပင်း အဖွဲ့အစည်းတွေကို ထိခိုက်နစ်နာစေမယ့် စကားလုံးတွေကို လုံးဝမသုံးထားဘဲနဲ့ အဖွဲ့ချုပ်နဲ့သာဆိုင်တဲ့ စကားအသုံးအနှုန်းတွေ သီချင်းစာသားတွေကိုသာ သုံးထားပါတယ်။”
မနေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရဲ့ တောင်းဆိုချက်အရ သွေးပုလင်း ၂၀ ကျော်ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ကိုညီညီက ပြောပါတယ်။