တိုက်စစ်မှူး အောင်သူ ထိုင်းကလပ်အသင်းနှင့် အပြီးသတ်စာချုပ် ချုပ်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ထိုင်းလိဂ်ဝမ်းကလပ် Police Tero အသင်းနဲ့ မနေ့က ထိုင်းနိုင်ငံမှာ အပြီးသတ် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အောင်သူအနေနဲ့ တရာသီစာ အငှားစာချုပ်နဲ့ ထိုင်းကလပ်အသင်းမှာ ပြောင်းရွှေ့ကစားမှာဖြစ်ပြီး တလ အမေရိကန်ဒေါ်လာ ၇၀၀၀ လစာရရှိမှာ ဖြစ်ပါတယ်။ အောင်သူဟာ မန္တလေးဘောလုံးအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ခြေစွမ်းပြ ကစားသမားတွေထဲက တဦးဖြစ်သလို ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ ယူ-၁၉ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စပြီးတော့ နာမည်ကြီးလာတာပါ။ အဲဒီနောက် နယူးဇီလန်မှာကျင်းပတဲ့ ယူ-၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့သလို နောက်ပိုင်း နိုင်ငံပွဲစဉ်တွေမှာ စောင့်ကြည့်ရတဲ့ ကစားသမားတဦး ဖြစ်လာခဲ့ကာ အရှေ့တောင်အာရှ အကောင်းဆုံး လူငယ်ကစားသမားစာရင်းမှာ မကြာခဏ ဖော်ပြခံရသူပါ။ ဒါ့အပြင် ရတနာပုံအသင်းမှာလည်း ပုံမှန်ခြေစွမ်းပြနေသလို အခုအချိန်မှာတော့ ထိုင်းလိဂ်ဝမ်းကလပ်ကို ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ်။ အောင်သူရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ လက်ရွေးစင်အသင်းနည်းပြ ဂတ်ဆီဇီ အပါအဝင် တခြား အားကစားလောကက သုံးသပ်သူတွေကလည်း ထောက်ခံခဲ့ကြပြီး အတွေ့အကြုံကောင်းတွေ ထပ်မံရရှိလာဖို့ မျှော်လင့်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up