A d v e r t i s e m e n t With Us

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာဝယ်

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ရမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း အချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်နေကြသလို အချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဒီဇင်ဘာလမှာမှ စတင်ရွေးကြရမယ်လို့ သိရပါတယ်။ ရွေးချယ်မှုတွေ စတင်ပြုလုပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ပြဿနာတွေများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဓိကဖြစ်ရတဲ့ ပြဿနာအရင်းအမြစ်ကတော့ နည်းဥပဒေမရှိဘဲ တတိယအကြိမ် ပြင်ဆင်မှုပြုလိုက်တဲ့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအပေါ် မူတည်ပြီး ရွေးချယ်နေရတာကြောင့် အငြင်းပွားမှုတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အထူးသဖြင့် ကြီးကြပ်ရေးအဖွဲ့တွေကို ဘယ်လိုနည်းနဲ့ရွေးမယ်၊ ရာအိမ်စု၊ ဆယ်အိမ်စုတွေကို ဘယ်လိုနည်းနဲ့ စုဖွဲ့မယ်၊ ဆယ်အိမ်မှူးတွေကို ဘယ်လိုနည်းနဲ့ ရွေးမယ်၊ ရာအိမ်မှူးတွေကို ဘယ်လိုနည်းနဲ့ရွေးမယ်၊ အုပ်ချုပ်ရေးမှူးတွေကို ဘယ်လိုရွေးမယ် ဆိုတာပါပဲ။ သတင်းတွေ ကြားနေရတာကတော့ နည်းဥပဒေမရှိ၊ မထွက်သေးဘဲ ဘာလို့ ရွေးကောက်ပွဲ လုပ်ရသလဲဆိုတဲ့ ဝေဖန်ချက်တွေနဲ့အတူ လက်ရှိအစိုးရအဖွဲ့ကို အပြစ်တင်နေကြတာ ပိုများနေပါတယ်။ ဟုတ်တော့လည်း ဟုတ်နေတာပဲလေ။ နည်းဥပဒေမရှိဘဲ အထက်မှ ညွှန်ကြားချက်တွေ ထွက်ပေါ်မလာဘဲ ဒီဇင်ဘာလအပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ပြန်ရွေးခိုင်းတော့ တိုင်ပတ်ကြမှာတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် အကောင်းဘက်က ပြန်လည်ရှုမြင်ကြည့်မယ်ဆိုရင်လည်း တတိယအကြိမ် ပြင်ဆင်လိုက်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး အခန်းကဏ္ဍမှာ ရပ်ရွာနေပြည်သူများအတွက် တိုက်ရိုက် ဒီမိုကရေစီကို အဆင့်တိုင်းမှာ ကျင့်သုံးခွင့်ပေးထားသလို နည်းဥပဒေမရှိဘဲ ရွေးကောက်ပွဲ လုပ်ခိုင်းလိုက်တာဟာ ရပ်ရွာနေပြည်သူတွေကို တိုက်ရိုက်ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့် ပေးလိုက်တယ်လို့ ယူဆလို့လည်း ရတယ်လို့ စာရေးသူအနေနဲ့ ရှုမြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နည်းဥပဒေမရှိတဲ့အတွက် ရပ်ရွာနေပြည်သူတွေက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးတဲ့အခါ အဆင့်တိုင်းမှာ ရပ်ရွာက လူတွေက တိုင်ပင်ကြ၊ ဆုံးဖြတ်ကြ ပုံစံနဲ့ ကြီးကြပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ၊ ကျေးရွာတာဝန်ခံတွေ၊ အုပ်ချုပ်ရေးမှူးလောင်းတွေကို ဘယ်လိုဘယ်ပုံနည်းနဲ့ ရွေးကြမလဲဆိုတဲ့ ဆုံးဖြတ်ခွင့်အာဏာ၊ တနည်းအားဖြင့် ပြည်သူကို အာဏာအပ်နှင်းလိုက်တဲ့သဘော ဖြစ်သွားတာပါ။ ဒါကို အတွေ့အကြုံမရှိကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ပြဿနာ အကြီးအကျယ်တက်မယ် ဆိုတာလည်း မထူးဆန်းပါဘူး။ အဲဒီပြဿနာရဲ့ ရေသောက်မြစ်ကလည်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို လေ့လာမှုနဲ့ ရေးထားတဲ့ အဓိပ္ပာယ်ဆိုလိုရင်းတွေကို နားလည်မှု နည်းတဲ့အတွက်ကြောင့် ဖြစ်နေပါတယ်။ ဒီပြဿနာကလည်း ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ ဥပဒေပညာရှင်တွေ လူထုအခြေပြု လူမှုအဖွဲ့တွေ၊ ရှေ့နေအသင်းတွေနဲ့ တတ်သိနားလည်သူတွေက အသိပညာပေး အားနည်းခဲ့လို့ဖြစ်သလို ပြည်သူလူထုကလည်း လေ့လာဖတ်ရှုမှု၊ စိတ်ဝင်စားမှု အားနည်းတဲ့အတွက်ကြောင့် အခုလို အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပဲ ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။ အခု ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်တဲ့အခါ ပထမဆုံး နားလည်ထားရမှာက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ အခန်း (၁)၊ ပုဒ်မ(၂) (က-ည) အထိ၊ ယခု တတိယအကြိမ် ပြင်ဆင်ချက် ဥပဒေအရ (က-ဎ) အထိ ပြဋ္ဌာန်းထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်ထားရပါမယ်။ အထူးသဖြင့် တတိယအကြိမ်မှာ ပြင်ဆင်လိုက်တဲ့ ဥပဒေအရ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ကြီးကြပ်ရေးဆိုတာ ဘာလဲ၊ ဆယ်အိမ်မှူးဆိုတာ ဘာလဲ၊ ရာအိမ်မှူးဆိုတာ ဘာလဲ၊ ကျေးရွာတာဝန်ခံဆိုတာ ဘာလဲ၊ အိမ်ထောင်စု ကိုယ်စားလှယ်ဆိုတာ ဘာလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ အဲဒီအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အတူ ပူးတွဲသိထားရမှာက ကြီးကြပ်ရေးအဖွဲ့ကို ဘယ်လိုရွေးရမယ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို ဘယ်လိုရွေးမယ်၊ ကျေးရွာတာဝန်ခံကို ဘယ်လိုရွေးရမယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဘယ်လိုရွေးရမယ် ဆိုတဲ့ ပုဒ်မတွေနဲ့ ပူးတွဲလေ့လာကြရပါမယ်။ နောက်တဆင့် သိထားရမှာက အုပ်ချုပ်ရေးမှူးကို ရွေးချယ်တဲ့ အဆင့်တိုင်းမှာ ဘယ်သူတွေက မဲပေးရွေးချယ်ရမလဲ၊ ဘယ်လိုရွေးချယ်ရမလဲ၊ ဘယ်လိုအတည်ပြုလဲဆိုတာ သိထားဖို့လိုပါတယ်။ တတိယအကြိမ် ပြင်ဆင်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ သုံးသပ်ကြည့်မယ်ဆိုရင် အခြေခံအားဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာနေ ပြည်သူတွေက အနည်းဆုံး ၃ ကြိမ်၊ အများဆုံး ၄ ကြိမ် မဲပေးကြရမှာဖြစ်ပြီး အတည်ပြုရမယ့်အဆင့် ၂ ဆင့်ရှိတာ တွေ့ရပါတယ်။ ဒီအဆင့်ကိုမသွားခင် နားလည်ထားရမှာက - ဘယ်သူတွေ မဲပေးပိုင်ခွင့်၊ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်ရှိလဲနဲ့ အိမ်ထောင်စုဆိုတာ ဘာလဲ၊ အိမ်ထောင်စု ကိုယ်စားလှယ်ဆိုတာ ဘာလဲဆိုတာကို သိဖို့ လိုအပ်ပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့ မဲပေးခွင့်ရှိသူက ဘယ်သူလဲဆိုတာကို လေ့လာကြည့်မယ်ဆိုရင် အိမ်ထောင်စုကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ရမှာပါ။ အိမ်ထောင်စုကိုယ်စားလှယ်ကို ယခင် ၂၀၁၂ ဥပဒေအရဆိုရင် “အိမ်ထောင်ဦးစီး” ကို ညွှန်းဆိုထားပါတယ်။ အခု တတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေအရ ဆိုရင် အသက် ၁၈ နှစ်ပြည့်သူတဦး ဖြစ်ရပါ့မယ်။ အိမ်ထောင်ဦးစီးကပဲ မဲပေးရမယ်ဆိုတဲ့ သဘောမဟုတ်ဘဲ တအိမ်ထောင်တယောက် မဲပေးခွင့် ဖြစ်သွားပါတယ်။ အသက် ၁၈ နှစ် ပြည့်ရမယ် ဆိုတာပါပဲ။ ယခင် ၂၀၁၂ ဥပဒေနဲ့ ကွဲပြားသွားတာကတော့ အမျိုးသမီးနဲ့ လူငယ်တွေကို မဲပေးခွင့် လမ်းဖွင့်ပေးလိုက်တဲ့သဘော ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဥပမာ- ကျေးရွာတရွာမှာ အိမ်ထောင်စု ၇၀၀ ရှိရင် အိမ်ထောင်စုကိုယ်စားလှယ် ၇၀၀ က မဲပေးရွေးကြရမယ်ဆိုတဲ့ သဘောပါ။ အိမ်ထောင်စု ဆိုတာကတော့ လ.ဝ.က က အတည်ပြုပေးထားတဲ့ ပုံစံ (၆၆/၆) စာရင်းရှိရမယ် ဆိုတာပါပဲ။ ဒီအိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) နဲ့ ပတ်သက်လို့ ဒွိဟဖြစ်နေတာက လက်ရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်နေကြတဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ပုံစံ (၆၆/၆) မရှိသူတွေ မဲပေးခွင့် ရှိ/မရှိ ဆိုတာတွေပါပဲ။ ဥပဒေအရ ပြောရမယ်ဆိုရင် ပုံစံ (၆၆/၆) မရှိရင် ပေးခွင့်မရှိပါဘူး။ ဒါပေမယ့် ကြီးကြပ်ရေးအဖွဲ့တွေက ဆင်ခြင်တုံတရားရှိရင် မဲပေးခွင့် ရသွားနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အခြေခံမူများတွင် ပြဋ္ဌာန်းထားသည့် ပုဒ်မ (၂) အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖြစ်သည့်အတွက် အမွေဆက်ခံခြင်းစနစ်ကို ကျင့်သုံးသောနိုင်ငံ မဟုတ်ခြင်း၊ အစိုးရအကြီးအကဲများကို ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်သည့်နိုင်ငံ ဖြစ်သည့်အတွက်ကြောင့် လည်းကောင်း၊ ပုဒ်မ (၄) အရ အချုပ်အခြာအာဏာသည် နိုင်ငံသားတို့ထံမှ ဆင်းသက်ရမည် ဆိုသည့်အတွက်ကြောင့် လည်းကောင်း၊ ပုဒ်မ (၂၁)(က)(ဂ) များအရ နိုင်ငံသားတိုင်းသည် တန်းတူညီမျှခွင့်၊ လွတ်လပ်ခွင့်နှင့် တရားမျှတခွင့် အခွင့်အရေးများ ရှိခြင်းနှင့် ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ကိုယ်စီ ရှိနေသည့်အတွက်ကြောင့် လည်းကောင်း၊ ပုဒ်မ (၃၈)(က) အရ ရွေးချယ်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည့်အတွက်ကြောင့် လည်းကောင်း၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအရ ပုဒ်မ (၃၄၇) အရ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရ တန်းတူညီမျှခွင့် ပေးခြင်းကြောင့် လည်းကောင်း၊ ပုဒ်မ (၃၄၈) အရ နိုင်ငံတော်သည် မည်သည့်နိုင်ငံသားကိုမျှ ခွဲခြားဆက်ဆံခြင်း မပြုရခြင်းကြောင့် လည်းကောင်း၊ ပုဒ်မ (၄၈၄) အရ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို တာဝန်ရှိသည့်အတွက်ကြောင့် လည်းကောင်း နိုင်ငံတော်၏ အောက်ခြေ ဒေသန္တရ အစိုးရအဖွဲ့ဖြစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ပိုင်ခွင့်ရှိနေတယ် ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ပြီးရင် အိမ်ထောင်စု ကိုယ်စားလှယ်တွေအနေနဲ့ အုပ်ချုပ်ရေးမှူးကို အဆင့်ဆင့် ရွေးတဲ့အခါ အရေးတကြီး သိထားရမှာက ကြီးကြပ်ရေးအဖွဲ့ ရွေးတာပဲဖြစ်ဖြစ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ ရွေးတဲ့အခါပဲဖြစ်ဖြစ်၊ ကျေးရွာတာဝန်ခံနဲ့ အုပ်ချုပ်ရေးမှူးပဲဖြစ်ဖြစ် ရွေးချယ်ခံမယ့်သူအားလုံး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပုဒ်မ (၅) ပါ အရည်အချင်းနဲ့ ပြည့်စုံသူများ ဖြစ်ရမယ်ဆိုတဲ့ အချက်ကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။ အားလုံးသော အရည်အချင်းနဲ့ ပြည့်စုံသူ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေမှာ အရည်အချင်းနဲ့ပတ်သက်လို့ ယခင်ပုဒ်မ (၅)(ဂ)(ဃ) ဖြစ်တဲ့ ပညာအရည်အချင်း အသင့်အတင့်ရှိသူဖြစ်ခြင်းနဲ့ စားဝတ်နေရေးဖူလုံသူ ဖြစ်ရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်ထားပါတယ်။ ဒါကလည်း လက်တွေ့ ကျေးရွာတွေရဲ့ အခြေအနေအရ ပညာတတ်သူ နည်းပါးတဲ့အတွက် ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ စဉ်းစားရမှာက ကျေးရွာတွေမှာ ပညာမတတ်တာမှန်ပေမယ့် အတတ်နိုင်ဆုံးတော့ ပညာတတ်သူကို ရွေးချယ်နိုင်မှ တော်ရာကျပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုစာရေးက ဘွဲ့ရ ပညာတတ်လည်းဖြစ်၊ နိုင်ငံဝန်ထမ်းလည်း ဖြစ်တဲ့အတွက် သူက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အထောက်အကူပြုပေးရမယ့်သူဆိုတော့ ကိုယ်တို့ ရွေးချယ်လိုက်တဲ့ အုပ်ချုပ်ရေးမှူးက လုပ်ရည်ကိုင်ရည် မရှိဘူးဆိုရင် စာရေးပြောတဲ့အတိုင်း လုပ်ရမယ့်သဘော ဖြစ်နေပါ့မယ်ဆိုတာကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။ တတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမှာ ပုဒ်မ (၅)(င) မှာ ပြင်ဆင်ထားတာကတော့ ယခင် ၂၀၁၂ ဥပဒေမှာလို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာမှာ တဆက်တည်း ၁၀ နှစ် နေထိုင်ရတော့မှာ မဟုတ်ဘဲ ၅ နှစ် နေထိုင်သူဖြစ်ရမယ်လို့ ပြင်ဆင်ထားသလို နိုင်ငံဝန်ထမ်းဖြစ်ရင် တဆက်တည်း ၂ နှစ် နေထိုင်သူဖြစ်ရမယ်လို့ ပြင်ဆင်ထားပါတယ် ဆိုတဲ့အချက်ကို သိနားလည်ထားရင် ရပါပြီ။ ပုဒ်မ (၅)(ည) မှာ အစိုးရဝန်ထမ်းကနေ နိုင်ငံဝန်ထမ်းလို့ ပြောင်းတာကလွဲလို့ပေါ့၊ ကျန်တဲ့အချက်တွေကတော့ ယခင်ဥပဒေအတိုင်း အတူတူပါပဲ။ အထက်က တင်ပြထားသလိုပဲ တတိယအကြိမ်ပြင်ဆင်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ရွေးချယ်တင်မြှောက်ပုံစနစ်မှာ အခြေခံအားဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာနေပြည်သူတွေက အနည်းဆုံး ၃ ကြိမ်၊ အများဆုံး ၄ ကြိမ် မဲပေးကြရမှာဖြစ်ပြီး အတည်ပြုရမယ့်အဆင့် ၂ ဆင့်ရှိပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အခြေအနေအရ ကျေးရွာခွဲတွေနဲ့ စုဖွဲ့ထားတဲ့ ကျေးရွာအုပ်စုတွေမှာဆိုရင် အုပ်စုအုပ်ချုပ်ရေးကို အပြိုင်အဆိုင်ရှိကြတာကြောင့် ရပ်ကွက် သို့မဟုတ် ကျေးရွာနေ ပြည်သူများအနေနဲ့ မဲ ၄ ကြိမ်ပေးရမယ်ဆိုတာ ကျိန်းသေသလောက်ပါပဲ။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ပုံ အဆင့်ဆင့် ၁) ကြီးကြပ်ရေးအဖွဲ့အား ရွေးချယ်တင်မြှောက်ခြင်းနှင့် အတည်ပြုခြင်း တတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပုဒ်မ (၆) အရ ကြီးကြပ်ရေးမှူး ၅ ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ရွေးချယ်ရမယ့်ပုံစံ မဟုတ်တော့ဘဲ ရပ်ရွာ အုပ်စုအတွင်း နေထိုင်သူများက ရွေးချယ်ခံရသူကို မြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြု ဖွဲ့စည်းတာဝန်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြဿနာဖြစ်နေတာက လက်ရှိ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်နေကြတဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ ကျေးရွာအုပ်စုအတွင်း နေထိုင်သူများက ရွေးချယ်ရမယ်ဆိုတော့ အုပ်အော်သောင်းတင်းဖြစ်ပြီး ရွေးချယ်တင်မြှောက်ပွဲတွေ ပျက်ကုန်တာပါပဲ။ ဒါကလည်း အလေ့အထမရှိလို့ ပြဿနာဖြစ်တာပါ။ ဒီအဖြစ်အပျက်တွေကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ဖို့ မလုပ်ရသေးတဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေက သင်ခန်းစာယူကြရမှာတော့ အမှန်ပါပဲ။ ပြဿနာက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ပွဲတွေ ပျက်သွားတဲ့ ကျေးရွာတွေက နောက်တကြိမ် ရွေး၊ မရွေး မသိရတာပါ။ ကျနော့်အနေနဲ့တော့ ပြန်ရွေးစေချင်ပါတယ်။ အဲဒီအခါကျရင် ပြန်မရွေးခင် ရပ်ရွာမှာနေတဲ့သူတွေက ကြိုတင်ညှိနှိုင်းဆွေးနွေးကြဖို့ လိုပါလိမ့်မယ်။ ကြီးကြပ်ရေးအဖွဲ့ ရွေးတဲ့ပုံစံကို လေ့လာကြည့်မယ်ဆိုရင် ကျေးရွာခွဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျေးရွာအုပ်စုတွေမှာ ယခင်က အိမ်ထောင်စုအရေအတွက်နဲ့ အချိုးကျ ရွေးချယ်တဲ့ပုံစံကို ရွေးချယ်ကြတာ တွေ့ရပါတယ်။ ဒီစနစ်ကို မကြိုက်တာက အိမ်ထောင်စုနည်းတဲ့ ကျေးရွာတွေက မကြိုက်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်စုများတဲ့ ကျေးရွာကြီးက ကြီးကြပ်ရေးမှူးတဦး အပိုရတာကြောင့်ပါ။ ကြီးကြပ်ရေးမှူး အပိုရလို့ ဆယ်အိမ်စု၊ ရာအိမ်စုတွေဖွဲ့ရင် ဒါမှမဟုတ် အငြင်းပွားရင် ကြီးကြပ်ရေးမှူးများတဲ့ရွာက အနိုင်ရတယ်ဆိုတဲ့ အတွေးဝင်နေလို့ပါပဲ။ လက်တွေ့လည်း ပြီးခဲ့တဲ့ ၂၀၁၂၊ ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲတွေမှာ ဖြစ်ခဲ့တာပါ။ အဲတော့ လက်ရှိ တည်ဆဲဥပဒေအရ နည်းဥပဒေကလည်း မရှိသေးတော့ ကြီးကြပ်ရေးမှူးတွေကို ယခင်အတိုင်း ရွေးမလား၊ ဒါမှမဟုတ် ကျေးရွာ ၅ ရွာအောက်နဲ့ ဖွဲ့စည်းထားတဲ့ ကျေးရွာအုပ်စုတွေမှာ တရွာနှစ်ယောက် အဆိုတင်ပြီး ကျေးရွာအုပ်စုတခုလုံးက တိုက်ရိုက်မဲပေးပြီး ကြီးကြပ်ရေး ၅ ဦးကိုပဲ ရွေးမလား၊ ကျေးရွာ ၅ ရွာအထက်ရှိတဲ့ ကျေးရွာအုပ်စုတွေမှာ တရွာ ၁ ယောက် အဆိုပြုပြီး ၅ ဦးကို ရွေးမလားဆိုတာ ရပ်ရွာနေပြည်သူများက သေချာစဉ်းစားကြရပါလိမ့်မယ်။ ဒီထက်ကောင်းတဲ့ နည်းလမ်းတွေ ရှိရင်လည်း အသုံးပြုကြရမှာပါ။ ကျနော် အကြံပြုချင်တာက ကြီးကြပ်ရေးအဖွဲ့ကို ဘယ်လိုပုံစံနဲ့ရွေးရွေး အဓိကက အမှန်တကယ် ရပ်ရွာက လူအများ လေးစားကြည်ညိုသူ၊ သိက္ခာ သမာဓိရှိသူကို မှန်မှန်ကန်ကန် ရွေးချယ်ဖြစ်ဖို့ လိုအပ်ပါတယ်။ သုံးသပ်ချက်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာ ဒီမိုကရေစီကျတယ်ဆိုလို့ ဒီတချက်ပဲရှိတာ တွေ့ရတယ်။ နောက်တချက်က ရပ်ရွာအုပ်ချုပ်ရေးအတွက် အဓိကကျတဲ့ အုပ်ချုပ်ရေးမှူး ရွေးတဲ့အခါမှာမသုံးဘဲ ကြီးကြပ်ရေးအဖွဲ့ကို ဒီမိုကရေစီနည်းကျ ရွေးတော့ ပြဿနာတက်တယ်လို့ ယူဆရပါတယ်။ အမှန်က အုပ်စုအုပ်ချုပ်ရေးမှူး ရွေးတဲ့အခါ ဒီစနစ်ကို သုံးမယ်ဆိုရင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်က ပီပီပြင်ပြင် ဖြစ်လာမှာပါ။ ကျနော်ကတော့ ကြီးကြပ်ရေးရွေးတာမှာ အငြင်းပွားစရာမရှိဘူးလို့ မြင်တယ်။ ကြီးကြပ်ရေးအဖွဲ့တွေ ဆယ်အိမ်၊ ရာအိမ် စုဖွဲ့တာ၊ မဲပေးနိုင်တဲ့ စာရင်းပြုစုတာတွေ မှန်၊ မမှန်က အဓိကဖြစ်လို့ပါ။ ဒါကို စောင့်ကြည့်ဖို့ လိုပါတယ်။ တကယ့်ပွဲကြီးပွဲကောင်းက ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးကို ရွေးတဲ့အခါ အုပ်စုတခုလုံးအတွက် အမှန်တကယ် အကျိုးပြုနိုင်သူ၊ အုပ်စုတခုလုံးအတွက် စဉ်းစားပေးနိုင်သူ၊ အုပ်စုတခုလုံးရဲ့ လိုအပ်ချက်တွေကို ဘက်မလိုက်ဘဲ ဖြည့်ဆည်းပေးနိုင်သူ၊ ကျေးရွာအုပ်စုတခုလုံးရဲ့ အကျိုးစီးပွားနဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ပေးနိုင်သူကို မှန်မှန်ကန်ကန် မဲပေးရွေးချယ်နိုင်ဖို့ပါပဲ။ ကြီးကြပ်ရေးမှူး ၅ ဦးကို ရွေးချယ်ပေးပြီးပြီဆိုရင် ရရှိလာတဲ့ရလဒ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြု ဖွဲ့စည်းတာဝန်ပေးရမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ရပ်ရွာနေ ပြည်သူတွေက မဲတကြိမ်ပေးပြီး၊ တကြိမ် အတည်ပြုပြီးပါပြီ။ ၂) ဆယ်အိမ်စု၊ ရာအိမ်စုများကို စုဖွဲ့ပေးခြင်း ကြီးကြပ်ရေးအဖွဲ့ကို ဒီမိုကရေစီနည်းကျ အများဆန္ဒအရ ရွေးချယ်ပေးပြီးတယ်ဆိုရင် ကြီးကြပ်ရေးအဖွဲ့က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပုဒ်မ (၇)(က) အရ အိမ်ထောင်စုစာရင်းကို ပြုစုပြီး ဆယ်အိမ်စု၊ ရာအိမ်စုတွေကို စုဖွဲ့ပေးရမှာပါ။ အဲလိုဖွဲ့တဲ့အခါ တဆက်တစပ်တည်း အစဉ်အလိုက် တတန်းတည်း ဖွဲ့ရမှာပါ။ လိုသလိုစုဖွဲ့လို့ မရပါဘူး။ အကယ်၍ အိမ်ကျော်ဖွဲ့တယ်၊ ကွက်ကျားဖွဲ့တယ်ဆိုရင် ဒါဟာ ဥပဒေကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ အဲဒီလိုမဖြစ်အောင် လက်ရှိ ရွေးချယ်ပွဲတွေ ပြုလုပ်နေတဲ့ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တွေမှာ ကြီးကြပ်ရေးမှူးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို သီးခြားသင်တန်းပေးတဲ့ အစီအစဉ်တွေရှိတာ တွေ့ရပါတယ်။ ဒီအဆင့်မှာ ကြီးကြပ်ရေးမှူးတွေကို သင်တန်းပေးပြီးဖြစ်လို့ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး လုပ်လို့မရပါဘူး။ ကြီးကြပ်ရေးအဖွဲ့ကို ဥပဒေအရ ပေးထားတဲ့တာဝန်ကို ရပ်ရွာနေ ပြည်သူများအနေဖြင့်လည်း လေ့လာထား၊ သိရှိနားလည်ထားရင် ပိုကောင်းတယ်လို့ အကြံပြုချင်ပါတယ်။ သို့မှသာ ကြီးကြပ်ရေးအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေအတိုင်း မလုပ်ဘူးဆိုရင် ထောက်ပြနိုင်မှာ ဖြစ်ပါတယ်။ ဆယ်အိမ်စု၊ ရာအိမ်စုတွေ ဖွဲ့တာကို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မနေပါနဲ့ ရပ်ရွာနေ ပြည်သူတွေအနေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ရင် အကောင်းဆုံးပါ။ ပြဿနာဆိုတာ မဖြစ်ခင်က ကြိုတင်ပြင်ဆင် ကာကွယ်ထားဖို့ပါပဲ။ ဒီနေရာမှာ ပြဿနာတခု ရှိနေတာက ကျေးရွာအတော်များများမှာ အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ မရှိတာပါပဲ။ အဲတော့ အိမ်ထောင်စုစာရင်း မရှိသူတွေ အတော်များများ၊ မရှိတဲ့အိမ်ထောင်စုတွေ မဲပေးခွင့်ရှိ၊ မရှိဆိုတဲ့ ပြဿနာပါပဲ။ ဒါကို ရပ်ကျေးနေ ပြည်သူတွေက ဘယ်လိုဖြစ်သင့်တယ်ဆိုတော စဉ်းစားကြရမှာပါ။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာမခံချက်ပေးထားတဲ့ ပုဒ်မတွေနဲ့ အထက်မှာ တင်ပြထားတဲ့အတိုင်း အခွင့်အရေးရှိတယ်ဆိုတာ ထောက်ပြ တောင်းဆိုရမှာပဲ ဖြစ်ပါတယ်။ နောက်ပြဿနာတခုက တအိမ်တည်းမှာ အိမ်ထောင်စုပုံစံ ၆၆/၆ မိသားစုရှိတဲ့အပြင် မရှိတဲ့မိသားစုတခု၊ နှစ်ခုလည်း ရှိနေခြင်းနဲ့ အိမ်ထောင်စုပုံစံ ၆၆/၆ ပုံစံနှစ်ခုလုံးရှိတဲ့ မိသားစုနှစ်စုလုံး တအိမ်တည်းမှာ နေကြတော့ ဆယ်အိမ်စု၊ ရာအိမ်စုတွေ ဖွဲ့တဲ့အခါ ဖွဲ့ခွင့်ရှိ၊ မရှိ ဆိုတဲ့ အငြင်းပွားမှု ဖြစ်နိုင်တာပါ။ ဥပဒေအရ ပြောထားတာက တဆက်တည်း အစဉ်လိုက်ဖြစ်ရမယ် ဆိုတာကြောင့် အိမ်တဆောင်ထဲမှာ အိမ်ထောင်စု နှစ်စုပဲဖြစ်ဖြစ်၊ နှစ်စုအထက်ပဲရှိရှိ စုဖွဲ့လို့မရတဲ့သဘော ဆောင်နေပါတယ်။ ဒီလို အငြင်းပွားမှုမဖြစ်အောင် ကြီးကြပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က ဆင်ခြင်ဖို့က အဓိကပဲဖြစ်တယ်လို့ မြင်ပါတယ်။ တအုပ်စုတည်းမှာ ရွာတရွာကို ပေးဖွဲ့ပြီး အခြားတရွာကို ပေးဖွဲ့တာမျိုး မဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ ဆယ်အိမ်စုဖွဲ့တဲ့အခါ စုဖွဲ့ခွင့်ပြု၊ မပြုနဲ့ ပုံစံ ၆၆/၆ မရှိသူ မဲပေးခွင့်ရှိ/မရှိ ဆိုတဲ့ကိစ္စက တထပ်တည်း ကျနေတာ တွေ့ရမှာ ဖြစ်တဲ့အတွက် မဲပေးခွင့်ပေးရင် စုဖွဲ့ပေးရမယ့်သဘော ရှိပြီး မဲပေးခွင့်မရှိဘူး ဆိုရင်တော့ ဆယ်အိမ်စုဖွဲ့ခွင့် မပေးသင့်တဲ့သဘောကို တွေ့ရပါတယ်။ နောက်တချက်က အိမ်တအိမ်တည်းမှာ ပုံစံ ၆၆/၆ ရှိနေတယ်ဆိုရင် ဥပဒေအရ သူ မဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့် ရှိနေတာကြောင့် ဆယ်အိမ်စုဖွဲ့ရင် ထည့်ဖွဲ့ပေးရမယ့်သဘော ဖြစ်နေပါတယ်။ အိမ်တအိမ်တည်းကို အိမ်နှစ်အိမ်အဖြစ် စုဖွဲ့ပေးလိုက်ပြန်ရင်လည်း အစဉ်လိုက် မဖြစ်တာကြောင့် ရှင်းမရဖြစ်နိုင်ပါတယ်။ စုဖွဲ့ခွင့်မပေးရင် ပုံစံ ၆၆/၆ ရှိရက်နှင့် မဲပေးခွင့် ဆုံးရှုံးသွားရင် နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ရာ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရင် ကောင်းမလဲဆိုတဲ့ အဖြေတခုခုကို အားလုံးက ဝိုင်းဝန်းစဉ်းစားကြရပါလိမ့်မယ်။ အကြံပြုချင်တာက ဆယ်အိမ်တွေ စုဖွဲ့တဲ့အခါ ဥပဒေအတိုင်း ပုံမှန်ဖွဲ့သွားဖို့ပါပဲ။ မဲပေးခွင့်ကို မဆုံးရှုံးစေချင်ဘူး ဆိုရင်တော့ နည်းဥပဒေမရှိတဲ့အတွက် ခြွင်းချက်အနေနဲ့ ဆယ်အိမ်စုဖွဲ့တဲ့အခါ ဆင့်ဖွဲ့ ဖွဲ့ပေးဖို့ပဲ ရှိပါတော့တယ်။ ဆိုလိုချင်တာကတော့ ပုံစံနှစ်ခုက တခုကို ဆုံးဖြတ်ရမှာပါ။ ၃) ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ခြင်း ဆယ်အိမ်စု ရာအိမ်စုတွေ စုဖွဲ့ပြီးတယ်ဆိုရင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပုဒ်မ (၇)(ခ) အရ ဆယ်အိမ်စုမှာရှိတဲ့သူတွေက သူနဲ့သက်ဆိုင်တဲ့ ဆယ်အိမ်စုမှူးကို အများသဘောနဲ့ ရွေးချယ်ရမှာပါ။ ဒီနေရာမှာ ဆယ်အိမ်မှူးအဖြစ် အဆိုတင်သွင်းခွင့် ဥပဒေက ပေးမထားပါဘူး။ ရပ်ရွာနေ ပြည်သူတွေကို တိုက်ရိုက်မဲပေးခွင့်၊ စုပေါင်းဆွေးနွေးပြီး အများဆန္ဒအရ ဆုံးဖြတ်ခွင့်ရှိတဲ့ တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးခွင့်ပေးထားတာ တွေ့ရပါတယ်။ အများဆန္ဒ ဆိုတဲ့အတွက် ဆယ်အိမ်စုထဲမှာပါတဲ့ အိမ်ထောင်စု ကိုယ်စားလှယ်တွေထဲက ဘယ်သူဖြစ်သင့်တယ်ဆိုတာ အိမ်ထောင်စု ကိုယ်စားလှယ်တွေက အကျေအလည် ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ဆယ်အိမ်စုအတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်တဲ့သူဖြစ်ဖို့ လိုပါတယ်။ အုပ်ချုပ်ရေးမှူး ဖြစ်ရေးအတွက် မဲပေးရုံသက်သက်၊ အရွေးချယ်ခံရုံသက်သက် မဟုတ်ဘဲ ဆယ်အိမ်မှူး ရာထူးနဲ့အညီ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တွဲဖက်ပြီး ရပ်ကျိုးရွာကျိုးကို အမှန်တကယ် ထမ်းဆောင်နိုင်သူဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ ဒီအဆင့်က အုပ်စုအုပ်ချုပ်ရေးမှူးကောင်းတဦးရဖို့ အခြေခံအကျဆုံး ရွေးချယ်မှုအဆင့်ဆိုတာ မမေ့စေချင်ပါဘူး။ ဒါကြောင့် ဒီနေရာမှာ မိသားစုစွဲ၊ ဆွေမျိုးစွဲ မထားစေချင်ပါဘူး။ အခုဆို ရပ်ရွာနေပြည်သူများအနေဖြင့် ကြီးကြပ်ရေးမှူး ရွေးခါ ၁ ကြိမ်၊ ဆယ်အိမ်မှူး ရွေးခါ ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ် မဲပေးပြီးဖြစ်ပါတယ်။ ဆယ်အိမ်မှူး ရွေးပြီးပြီဆိုရင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပုဒ်မ (၇)(ဂ) အရ ရွေးကောက်တင်မြှောက်ခံရတဲ့ ဆယ်အိမ်မှူး ၁၀ ဦးထဲက ဘယ်သူ ရာအိမ်မှူး ဖြစ်သင့်တယ်ဆိုတာကို ရာအိမ်စုမှာပါတဲ့ အိမ်ထောင်စု ကိုယ်စားလှယ် ၁၀၀ က အများဆန္ဒနဲ့ ရွေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာလည်း တိုက်ရိုက်ဒီမိုကရေစီကျင့်သုံးခွင့် ပေးထားခြင်းပါပဲ။ ဒီအဆင့်က ကျေးရွာအုပ်ချုပ်ရေးမှူးကောင်း ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ကျောရိုးတခု ဖြစ်ပါတယ်။ ဒီကျောရိုးက မခိုင်မာဘူးဆိုရင် အုပ်ချုပ်ရေးမှူးဖြစ်သူက ကောင်းမွန်တဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုကို ပြုနိုင်မှာ မဟုတ်ပါဘူး။ ရာအိမ်မှူးတွေရဲ့ ကျောထောက်နောက်ခံမယူဘဲ ကျေးရွာကို စီမံအုပ်ချုပ်သွားမယ်ဆိုလည်း အာဏာရှင် ဖြစ်သွားမှာပါ။ ဒါကြောင့် ရာအိမ်မှူးတွေကို ရွေးတဲ့အခါ ကျေးရွာအုပ်စုတခုလုံးကို အုပ်ချုပ်ရေးမှူးနဲ့ ပူးတွဲစီမံအုပ်ချုပ်နိုင်သူတွေ ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ တတိယအကြိမ် ပြင်ဆင်ချက် ဖြည့်စွက်ချက် ပုဒ်မ (၃၄)(က) မှာ ရာအိမ်မှူးတွေက ကျေးရွာလုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများအတွက် အကြံပေးရမယ်ဆိုတာ တိတိလင်းလင်း ဖော်ပြထားပါသေးတယ်။ ကျေးရွာအုပ်စုတခုလုံး အေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် ရာအိမ်မှူးကောင်းများ ရွေးချယ်နိုင်ရေးက အရေးကြီးတယ်လို့ ဆိုလိုတာပါ။ အခုဆိုရင် ကျေးရွာနေ ပြည်သူများအနေနဲ့ မဲ ၃ ကြိမ်ပေးပြီး ဖြစ်ပါတယ်။ ၄) အုပ်ချုပ်ရေးမှူးအား ရွေးကောက်တင်မြှောက်ခြင်း ရာအိမ်မှူးတွေ ရွေးချယ်ပြီးသွားပြီးနောက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပုဒ်မ(၇)(ဃ) အရ ရာအိမ်မှူးတွေထဲက ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဖြစ်သင့်သူကို အဆိုတင်သွင်းရမှာပါ။ တဦးတည်း ဖြစ်နေတယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူး တိုက်ရိုက်ဖြစ်သွားပါပြီ။ အကယ်၍ အငြင်းပွားမှုဖြစ်မယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးလုပ်ဖို့ တဦးထက် ပိုနေမယ်ဆိုရင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပုဒ်မ (၇)(စ) အရ ကျေးရွာတရွာလုံးမှာရှိတဲ့ အိမ်ထောင်စု ကိုယ်စားလှယ်တွေက လျှို့ဝှက်မဲစနစ်ကို ကျင့်သုံးပြီး ဘယ်သူက အုပ်ချုပ်ရေးမှူး ဖြစ်သင့်တယ်ဆိုတာကို ရက်တရက်သတ်မှတ်ပြီး ရွေးချယ်ကြရတော့မှာ ဖြစ်ပါတယ်။ တရွာလုံးမှာရှိတဲ့ အိမ်ထောင်စု ကိုယ်စားလှယ်တွေကပေးတဲ့ အများဆုံး မဲပေးရွေးချယ်ခံရသူက ရပ်ကျေးအုပ်ချုပ်ရေးမှူး ဖြစ်လာမှာပါ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ရွေးတဲ့အခါ ရပ်စွဲရွာစွဲတွေနဲ့ ရွေးချယ်ခြင်းမပြုဖို့ အထူးသတိထားရပါလိမ့်မယ်။ တကယ်လို့ ရပ်စွဲရွာစွဲနဲ့ ရွေးချယ်တယ်ဆိုရင် အမှန်တကယ် ရပ်ရွာကို အကျိုးပြုနိုင်တဲ့ အရည်အချင်းရှိသူတွေ ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါကြောင့် ကျေးရွာအုပ်စုတခုလုံးအတွက် အရည်အချင်းရှိရှိ အလုပ်လုပ်ပေးနိုင်တဲ့သူ၊ ကျေးရွာအုပ်စုတခုလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်သူကို ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ ၅) ကျေးရွာတာဝန်ခံအား ရွေးချယ်ခြင်း အုပ်ချုပ်ရေးမှူးရွေးပြီးရင် ဆက်လုပ်ဖို့ လိုအပ်တာကတော့ ကျေးရွာတရွာထက်ပိုတဲ့ အုပ်စုတွေမှာ ကျေးရွာတာဝန်ခံတဦး ထားရှိရမှာ ဖြစ်တဲ့အတွက် ရာအိမ်မှူးတွေထဲက ဘယ်သူက ကျေးရွာတာဝန်ခံ ဖြစ်သင့်လဲဆိုတာကို ဆယ်အိမ်မှူးတွေက ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အိမ်ထောင်စု တရာမရှိတဲ့ ကျေးရွာတွေမှာတော့ ဆယ်အိမ်မှူးတွေထဲက တဦးကို ကျေးရွာတာဝန်ခံအဖြစ် ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် တတိယအကြိမ် ပြင်ဆင်လိုက်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပုဒ်မ (၂)(ဍ္ဍ) မှာ ကျေးရွာတာဝန်ခံဆိုတာ ရာအိမ်မှူးက ဖြစ်ရမယ်လို့ အဓိပ္ပာယ်ဖွင့်ထားပြီး ပုဒ်မ (၇)(ဆ) အရ ရွေးချယ်တဲ့အခါ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးပေါင်းပြီး ကျေးရွာတာဝန်ခံ ရွေးခိုင်းတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးရှိတဲ့ ကျေးရွာကတော့ ကျေးရွာတာဝန်ခံဖွဲ့ဖို့ မလိုတော့ပါဘူး။ ကျေးရွာခွဲတွေနဲ့ တည်ဆောက်ထားတဲ့ ကျေးရွာအုပ်စုတွေမှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သွားတဲ့ ရွာကလွဲပြီး အခြားကျေးရွာခွဲတွေမှာ ကျေးရွာတာဝန်ခံထားရမယ် ဆိုတာပါပဲ။ ဥပမာအားဖြင့် ကျေးရွာတရွာမှာ အိမ်ခြေ ၁၂၀ ရှိတယ်ဆိုရင် ရာအိမ်မှူးတဦးတည်းရှိရင် အဲဒီရွာအိမ်မှူးက အော်တို ကျေးရွာတာဝန်ခံ ဖြစ်စေပါတယ်။ ရာအိမ်မှူး ၂ ဦး ရှိခဲ့ရင်တော့ ဆယ်အိမ်မှူး ၁၈ ဦးက ဘယ်သူကျေးရွာတာဝန်ခံ ဖြစ်သင့်တယ်ဆိုတာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ရာအိမ်မပြည့်တဲ့ ကျေးရွာတွေမှာတော့ ဆယ်အိမ်မှူးထဲက ဘယ်သူ ကျေးရွာတာဝန်ခံ ဖြစ်သင့်တယ်ဆိုတာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ တတိယအကြိမ် ပြင်ဆင်ချက် ဖြည့်စွက်ချက် ပုဒ်မ (၃၄)(ခ) မှာ ကျေးရွာတာဝန်ခံတွေက ကျေးရွာလုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများအတွက် အကြံပေးရမယ်ဆိုတာ တိတိလင်းလင်း ဖော်ပြထားပါသေးတယ်။ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံ ရွေးချယ်ပြီးနောက် ရလဒ်များကို ကြီးကြပ်ရေးမှူးအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြရမှာ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ရေးအဖွဲ့က တင်ပြလာတဲ့ ရလဒ်ကို ယခင်ကလို ခရိုင်ထွေအုပ်ဆီ တင်ပြ အတည်ပြုချက်ရယူရန် မလိုအပ်တော့ဘဲ ပုဒ်မ (၅) ပါ အရည်အချင်းနဲ့ ပြည့်စုံသူ ဖြစ်၊ မဖြစ် စိစစ်အတည်ပြုပြီး တာဝန်ပေးအပ်ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ရွေးကောက်တင်မြှောက်လို့ ပြီးသွားပါပြီ။ အနှစ်ချုပ်ရမယ်ဆိုရင် အိမ်ထောင်စုကိုယ်စားလှယ်တဦးဟာ ကြီးကြပ်ရေးမှူးများ ရွေးချယ်ခါ တကြိမ်၊ ဆယ်အိမ်မှူးများ ရွေးချယ်ချိန် တကြိမ်၊ ရာအိမ်မှူးများ ရွေးချိန် တကြိမ်၊ သုံးကြိမ်ကို ပေးရမှာဖြစ်ပြီး အကယ်၍ အုပ်ချုပ်ရေးမှူးလောင်း တဦးထက်ပိုမယ်ဆိုရင် ကျေးရွာအုပ်စု တခုလုံးမှာရှိတဲ့ ရပ်/ကျေးနေ အိမ်ထောင်စု ကိုယ်စားလှယ်အားလုံးက စတုတ္တအကြိမ်မြောက်ထိ မဲပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ ရပ်ကျေးရွေးကောက်ပွဲတွေ လုပ်နေတာကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်နေတဲ့ အချို့သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အချို့မှာ ပြဿနာ တော်တော်များများ တက်နေတာ တွေ့ရပါတယ်။ လူထုဆန္ဒ ဖော်ထုတ်လောက်အောင်ထိ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ တတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပုံအဆင့်ဆင့်မှာ ရပ်ရွာနေပြည်သူတွေကို တိုက်ရိုက် ဒီမိုကရေစီကျင့်သုံးခွင့် ပေးထားပေမယ့် မြို့နယ်အဆင့် အာဏာပိုင်တွေက ဖွဲ့ပေးလိုက်တဲ့ ကြီးကြပ်ရေးအဖွဲ့တွေ လုပ်ဆောင်ချက်တွေနဲ့ ရပ်ရွာနေပြည်သူတွေရဲ့ ဆန္ဒနဲ့ စဉ်းစားချက်တွေ မတူကွဲပြားနေတာကြောင့် အချို့သော ရပ်/ကျေးရွေးကောက်ပွဲတွေ မဖြစ်ဘဲ ပျက်သွားတဲ့အထိ ဖြစ်တာ တွေ့ရပါတယ်။ ဆက်လက်တင်ပြရမယ်ဆိုရင် လက်တွေ့ ကျေးရွာတွေမှာ စာမတတ်သူများနေတော့ အုပ်ချုပ်ရေးမှူးကို မဲပေးတဲ့အခါ လျှို့ဝှက်မဲနဲ့ ပေးရတော့ ကိုယ်ပေးချင်တဲ့သူ ပေးဖို့ အခြားသူက ကူညီပေးခွင့်မရှိရင် စာမတတ်တဲ့အတွက် ကိုယ်တိုင်မဲပေးတဲ့အခါ မှားယွင်းစွာ မဲပေးလိုက်တဲ့အတွက် ပယ်မဲဖြစ်တာ သို့မဟုတ် မိမိမဲပေးရန် ဆန္ဒမရှိသူကို မဲမှားပေးတာကြောင့် ရွေးကောက်ပွဲရလဒ်က ပြောင်းလဲသွားတယ်ဆိုတာ တွေ့ရှိရပါတယ်။ ကျနော် ပညာသွားပေးတော့လည်း လျှို့ဝှက်မဲပေးရတဲ့အကြောင်း အနှစ်သာရကို ရှင်းပြပေမယ့် ကျေးရွာက လူတွေက ကျနော်တို့ကျေးရွာတွေမှာ အများစုက စာမတတ်တော့ မရေးတတ် မဖတ်တတ်တော့ လူကူပေးဖို့လိုတာ တနည်းအားဖြင့် ရွေးချယ်ပွဲမှာ ဝန်ထမ်းတဦးထားပေးဖို့ (သို့) ဗြောင်မဲပေးချင်ကြတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်ရင် နာမည်ထက် ဓာတ်ပုံကပ်ပေးဖို့တောင် ဆိုကြပါတယ်။ ဒါမှမဟုတ် စာမတတ် မဖတ်တတ်သူတွေအတွက် မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့အတွက် လျှို့ဝှက်မဲပေးစနစ်ကို တီထွင်ပေးပါတဲ့လေ။ ကဲ စဉ်းစားကြည့်ကြပါတော့။ ကျေန်ာတို့နိုင်ငံရဲ့ လက်တွေ့ ကျေးရွာတွေမှာ ဖြစ်နေတဲ့ အခြေအနေပါ။ ဒါကြောင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ရွေးနေတဲ့ အချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှ “ထိုင်ထ” စနစ်ကိုသုံးပြီး လုပ်နေတာပါ။ ဒါဟာလည်း ရပ်/ကျေးဥပဒေရဲ့ အားနည်းချက်ကြောင့် ဖြစ်လာတာပါ။ ဆက်လက်တင်ပြရမယ်ဆိုရင် ကျေးရွာအုပ်စုတခုမှာ အိမ်ခြေ (၁၀၀၀) ရှိတယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူး (၁) ဦး၊ ရာအိမ်မှူး (၁၀) ဦးနဲ့ ဆယ်အိမ်မှူး (၁၀၀) ရှိတာ ဘာကြောင့် အဲဒီကျေးရွာ မဖွံ့ဖြိုးလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ လိုပါလိမ့်မယ်။ အုပ်ချုပ်ရေးမှူးက မကောင်းလို့လား၊ အုပ်ချုပ်ရေးအဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်တွေအားလုံး စေတနာမမှန်လို့လား၊ အလုပ်မလုပ်လို့လား၊ ရပ်ရွာနေပြည်သူတွေကပဲ ရွေးချယ်မှုမှားလို့လား၊ အခြား ဘာကြောင့်လဲဆိုတာ ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ သုံးသပ်ချက်တွေရရင် ရပ်/ကျေးအဆင့်ကစပြီး နိုင်ငံတော်အစိုးရအထိ အုပ်ချုပ်ရေးအဆင့်ဆင့်အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ရပါလိမ့်မယ်။ လိုအပ်လို့ရှိရင် သက်ဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ရေးဆွဲခြင်းတို့ လုပ်ရမှာဖြစ်သလို တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်ကို ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးယန္တရား မအောင်မြင်ရသည့်အကြောင်း ရပ်/ကျေးအုပ်ချုပ်ရေး မအောင်မြင်ရတဲ့ အကြောင်းအရင်းကို လေ့လာကြည့်မယ်ဆိုရင် ကျေးရွာများတွင် စာတတ်မြောက်မှု ရာခိုင်နှုန်း နည်းပါးခြင်း၊ အသိပညာ အားနည်းခြင်း၊ အတွေးအခေါ်များ မပြောင်းလဲခြင်း၊ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အောက်ခြေပြည်သူများ နားလည်မှုမရှိခြင်း၊ မြို့နယ်နှင့် ခရိုင်အဆင့်ကို ရွေးကောက်ပွဲ မလုပ်နိုင်သေးခြင်းနှင့် ပြည်နယ်အစိုးရမှ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေး အဆင့်များကို စီမံခန့်ခွဲပိုင်ခွင့်မရှိခြင်း၊ ပြည်နယ်အစိုးရကို ပြည်နယ်အတွင်း အနိုင်ရပါတီမှ ဖွဲ့စည်းပိုင်ခွင့်မရခြင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ အရည်အချင်းနှင့် လုပ်ရည်ကိုင်ရည်မရှိခြင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ရွာနေ ပြည်သူများကိုယ်၌ စိတ်ဝင်စားမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ ပြည်သူ့အာဏာကို အသုံးချဝံ့သည့် သတ္တိမရှိခြင်း၊ ကြောက်စိတ်/စိုးရိမ်စိတ်များ လွှမ်းမိုးနေသေးခြင်း၊ ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်က ခန့်အပ်ခြင်းခံရသူများထံ လွှမ်းမိုးခံနေခြင်း၊ ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေနှင့် ဆက်စပ်ဥပဒေကို နားလည်မှုမရှိခြင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ကိုယ်တိုင်က မိမိ၏ လုပ်ပိုင်ခွင်အာဏာကို မသိခြင်း၊ မကျင့်သုံးတတ်ခြင်း၊ ရပ်ရွာအကျိုးကို အမှန်တကယ် သယ်ပိုးဆောင်ရွက်လိုသည့် ဆန္ဒမရှိကြခြင်း၊ စေတနာမမှန်ကန်ခြင်း၊ ကိုယ်ကျိုးရှာခြင်းနှင့် အာဏာအလွဲသုံးစားမှုများ ပြုနေခြင်း၊ ရပ်ရွာနေပြည်သူက မတရားလုပ်ရပ်များကို သိသော်လည်း ခေါင်းငုံ့ခံခြင်း၊ မတရားမှုကို အားပေးခြင်း၊ ပြည်သူ့အာဏာကို အသုံးမချတတ်ခြင်း၊ ရပ်စွဲ ရွာစွဲများ အလွန်များပြားခြင်း၊ ကျေးရွာအုပ်စုတခုလုံး၏ အကျိုးစီးပွားအတွက် အမြော်အမြင်မရှိခြင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို အာဏာခွဲမပေးနိုင်ခြင်း၊ ရပ်ရွာအကျိုးကို ပခုံးထမ်းမည့်သူမရှိခြင်း/ ခေါင်းဆောင်လုပ်ချင်သည့်သူများသာ ပေါများခြင်း၊ ရပ်ရွာအုပ်ချုပ်ရေးယန္တရားကို စနစ်တကျ မဖွဲ့စည်းနိုင်ခြင်းနှင့် လည်ပတ်အောင် မစွမ်းဆောင်နိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း တွေ့ရသည်။ ရလဒ်များအနေဖြင့် အချင်းချင်း အပြန်အလှန် ယုံကြည်မှုအားပျော့လာခြင်း၊ ရပ်ရွာအတွင်း စည်းလုံးညီညွှတ်မှု အားနည်းလာခြင်း၊ အုပ်စုကွဲများ၊ ဂိုဏ်းဂဏကွဲများ ပိုမိုဖြစ်လာခြင်း၊ ရပ်ရွာအတွင်း လုံခြုံမှုနှင့် တရားဥပဒေစိုးမိုးမှု ထိခိုက်လာ၊ ရပ်ရွာ အေးချမ်းသာယာဖွံ့ဖြိုးမှု ပိုမိုဆုတ်ယုတ်လာကြောင်း တွေ့မြင်နိုင်ပါတယ်။ နိဂုံးချုပ်အနေနဲ့ တင်ပြရမယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ ရပ်/ကျေးအုပ်ချုပ်ရေးနဲ့ ပတ်သတ်လို့ အသိပညာပေးဖို့ များစွာလိုအပ်နေပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို နားလည်ကျင့်သုံးတတ်လာအောင် သေသေချာချာ အသိပညာပေးဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့အားတွေ လိုအပ်နေပါတယ်။ မှတ်ကြီးသား (ဥပဒေ)

A d v e r t i s e m e n t With Us

More News
Up