Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိ
DVB
·
December 1, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၃၀ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ရောက်ရှိပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားမှာ တရုတ်အစိုးရရဲ့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်က နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ တရုတ်ပြည်ကို သွားရောက်ခဲ့တာပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့ကို ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နဲ့ အထွေထွေအတွင်းရေးမှူး Mr. Liu Huiyan၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်၊ မြန်မာသံရုံးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေက ကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ မြန်မာသံအမတ်ကြီးနဲ့အတူ ပေကျင်းမြို့ကို ညနေပိုင်းသွားရောက်ခဲ့ကြပါတယ်။ ဒေသစံတော်ချိန် ည ၇ နာရီမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး Mr. Song Tao က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024