A d v e r t i s e m e n t With Us

ပခြုပ်တွင်း ၃ ရက်ကြာ ပိတ်လှောင်ထားသည့် စပါးကြီးမြွေ အကိုက်ခံရပြီး ထိုင်းအမျိုးသားသေဆုံး

ဓာတ်ပုံ - ဆနွတ်ခ်
စပါးကြီးမြွေကြီးတကောင်ကို နေအိမ်တွင်း ပခြုပ်တခုထဲမှာ ၃ ရက်ကြာ ပိတ်လှောင်ထားခဲ့တဲ့ ထိုင်းအမျိုးသားတဦးဟာ အဲဒီမြွေ အကိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံအလယ်ပိုင်း ဆူခိုထိုင်းခရိုင်တွင်းမှာ နိုဝင်ဘာ ၂၇ ရက်ညပိုင်းက ဖြစ်ခဲ့ပြီး အသက် ၅၅ နှစ်အရွယ် ဆဝမ်တပ်ဘ်ခလိုင် အမည်ရတဲ့ အမျိုးသားရဲ့လည်ပင်းကို မြွေကြီးက ရစ်ပတ်ထားခဲ့တာပါ။ နေအိမ်မှာ အတူနေထိုင်တဲ့ အသက် ၆၃ နှစ်အရွယ် သူ့ရဲ့အစ်မဖြစ်သူက ကူညီကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘဲ မြွေကြီးက ရစ်ပတ်ထားခဲ့တာ ဖြစ်ပါတယ်။ သူဟာ အနီးဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းခဲ့ရပြီး လူတွေရောက်လာချိန်မှာတော့ မမီတော့ဘဲ ဆဝမ်ဟာ မြွေကိုက်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ရတာပါ။ ဒါပေမယ့် အရှည် ၃ မီတာရှိတဲ့ စပါးကြီးမြွေကြီးကိုတော့ ဒေသတွင်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေရဲ့ အကူအညီနဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူ အမျိုးသားရဲ့လက်နဲ့ လက်မောင်းမှာ မြွေကိုက်ရာတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဆဝမ်ဟာ ဒီမြွေကြီးကို ဖမ်းဆီးမိခဲ့ပြီးနောက်မှာ ဘာအကြောင်းပြချက်မှမရှိဘဲ နေအိမ်တွင်း ပခြုပ်တခုထဲမှာ ထည့်သွင်း ပိတ်လှောင်ထားခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူဟာ မြွေကြီးကို ပခြုပ်တွင်းမှ ပြန်ထုတ်ဖို့ ကြိုးစားခဲ့ချိန်မှာ ခုလိုကြုံတွေ့ခဲ့ရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက စပါးကြီးမြွေကြီးကို သယ်ဆောင်သွားကြပြီး တောနက်ထဲကို ပြန်လွှတ်ပေးသွားမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up