A d v e r t i s e m e n t With Us

ငါးမန်းရန်မှလွတ်ရန် ခရုခွံပုံစံ ပုံဖျက်ဟန်ဆောင်ခဲ့သည့် အံ့ဖွယ် ရေဘဝဲမလေး (ရုပ်သံ)

ရေအောက်ကမ္ဘာမှ သက်ရှိတွေရဲ့ကမ္ဘာမှာ ရန်သူနဲ့ ရင်ဆိုင်တွေ့ချိန် ဘယ်လိုခုခံ ကာကွယ်ကြသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရန်သူ ငါးမန်းတကောင်နဲ့ ရင်ဆိုင်တွေ့ချိန်မှာ ခရုခွံပုံစံ ပုံဖျက်ပြီး တုပဟန်ဆောင်ကာ လွတ်မြောက်သွားခဲ့တဲ့ ရေဘဝဲမလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အံ့သြဖွယ် တွေ့ကြရမှာပါ။ ဘီဘီစီရုပ်သံအစီအစဉ်တခုဖြစ်တဲ့ Blue Planet II ရဲ့ ထုတ်လွှင့်မှု အပိုင်းသစ်အတွက် ရိုက်ကူးခဲ့ချိန်မှာ ခုလိုကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆာလောင်နေတဲ့ ငါးမန်းဟာ ရေဘဝဲမလေးအနားကို မရောက်ခင်မှာပဲ သူက ခရုခွံတွေနဲ့ ဖုံးအုပ်ပစ်လိုက်တာကို တွေ့ရပါတယ်။ အစီအစဉ်တင်ဆက်သူ ဆာဒေးဗစ်အတန်ဘိုရိုကတော့ ရေဘဝဲမလေးရဲ့ လှည့်စားမှုဟာ တကယ့်ကို ထူးခြားတဲ့ ဖြစ်စဉ်တခုလို့ ပြောလိုက်တာပါ။ ရုပ်သံရဲ့ တနေရာမှာ ရေဘဝဲမလေး ပုန်းအောင်းတဲ့နေရာ ခရုခွံပုံကို ငါးမန်းက သူ့အမြီးနဲ့ ရိုက်ပြီး လှည့်ပတ်သွားနေရာကနေ နောက်တပတ် ထပ်မံလှည့်ပတ်ရှာဖွေပြီး ရေဘဝဲကို ရှာတွေ့လုနီးပါးဖြစ်နေတဲ့ မြင်ကွင်းကို တွေ့ရပါတယ်။ ငါးမန်း အနီးကပ်ကူးခတ်နေချိန် ရေဘဝဲရဲ့ ထိတ်လန့်နေတဲ့ မျက်လုံးတွေကိုလည်း ကင်မရာက အနီးကပ် ရိုက်ယူထားနိုင်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ ဆာဒေးဗစ်က “ရေဘဝဲရဲ့ အကာအကွယ်မဲ့နေပုံ အားနည်းနေတဲ့ အခိုက်အတန့်ကို ရိုက်ကူးမိတယ်၊ ဒါပေမယ့် ဒီလို ရေဘဝဲတွေရဲ့ တကယ့်ကို ထူးခြားတဲ့လုပ်ရပ်ကို အရင်က တခါမှ မကြုံဖူးဘူး” လို့ ပြောပါတယ်။ “ရေဘဝဲက ခရုခွံတွေကို သူ့ကိုအကာအကွယ်ပေးတဲ့ သံချပ်ကာတခုလို လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးလိုက်တယ်။ တကယ့်မြင်ကွင်း ရှင်းရှင်းလင်းလင်းမှာ ပုန်းနေခဲ့တာ။ ငါးမန်းက သားကောင်အနံ့ရပေမယ့် ခရုခွံတွေကြောင့် အမြင်ရှုပ်ထွေးသွားတယ်။ ရေဘဝဲရဲ့ ဉာဏ်ကြောင့်ပဲ အသက်ရှင်သွားတယ်။”

A d v e r t i s e m e n t With Us

More News
Up