ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ဟောလိဝုဒ်မင်းသမီး မီဂန်မာကယ် စေ့စပ်

ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့ စေ့စပ်ကြောင်းလမ်းထားပြီလို့ နိုဝင်ဘာ ၂၇ ရက်နေ့က ကြေညာလိုက်ပြီး လာမယ့်နှစ် နွေဦးရာသီမှာ လက်ထပ်မယ်လို့ ပြောပါတယ်။ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ မြေးတော်ဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် ဟယ်ရီမင်းသားဟာ ဗြိတိန်နန်းလျာ ငါးယောက်မြောက် ဖြစ်ပါတယ်။ သူ့ချစ်သူ မာကယ်ကတော့ အသက် ၃၆ နှစ်ရှိပြီး အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ ဆုစ်မှာ သရုပ်ဆောင်ပြီး လူသိများလာသူပါ။ သူတို့ ၂ ဦး ဒီလ အစောပိုင်းမှာ စေ့စပ်ခဲ့ကြပါတယ်။ မင်းသား ဟယ်ရီဟာ ဘုရင်မကြီးနဲ့ တခြား နီးကပ်တဲ့ မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပြီးပြီ၊ မစ္စမာကယ်ရဲ့ မိဘတွေဆီကလည်း ကောင်းချီးပေးမှု ခံယူပြီးပြီလို့ ချားလ်စ်မင်းသားရဲ့ တရားဝင် လန်ဒန်အိမ်တော်ဖြစ်တဲ့ ကလဲယားရန့်စ်အိမ်တော်က ကြေညာချက် ထုတ်ပြန်ပါတယ်။ သူတို့ ၂ ဦးကို သဘောတူကြောင်း ဘုရင်မကြီးက ပြောပြီး ကြင်ယာတော် ဖိလစ်မင်းသားကြီးကလည်း ဝမ်းမြောက်ကြောင်း ပြောခဲ့တယ်လို့ ဘက်ကင်ဟမ်နန်းတော် ပြောခွင့်ရက ဆိုပါတယ်။ သူတို့စုံတွဲဟာ သူငယ်ချင်းတွေရဲ့ မိတ်ဆက်ပေးမှုကြောင့် ၂၀၁၆ ဇူလိုင်မှာ တွေ့ခဲ့ကြတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

More News
Up