DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​များ​ အ​ဆောင်အ​ယောင်ရရန် ဥပ​ဒေအချို့​ ​ပြောင်း​လဲရမည်
DVB
·
April 11, 2012
တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​များ​ အ​ဆောင်အ​ယောင်ရရန် ဥပ​ဒေအချို့​ ​ပြောင်း​လဲရမည်
Donate to DVB

တိုင်း​နဲ့​ပြည်နယ်​တွေမှာ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေကို ကျန်တိုင်း​နဲ့​ ပြည်နယ်ဝန်ကြီး​တွေနဲ့​ တ​ပြေး​ညီ လစာနဲ့​အ​ဆောင်အ​ယောင် ခံစား​ဖို့​ ဆုံး​ဖြတ်ပြီး​ ဖြစ်​ပေမယ့်​ လက်ဝယ်ရဖို့​အတွက် ဥပ​ဒေတချို့​ကို ပြင်ဆင်ဖို့​ လိုအပ်​နေပါတယ်။

တိုင်း​နဲ့​ပြည်နယ်အသီး​သီး​က အစိုး​ရအဖွဲ့​တွေမှာ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေဟာ ကျန်တဲ့​ ဝန်ကြီး​တွေလို တန်း​တူဖြစ်တယ်လို့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ခုံရုံး​က ဆုံး​ဖြတ်ခဲ့​ပေမယ့်​ လစာစံစား​ရခြင်း​ မရှိ​သေး​ဘူး​လို့​ ရန်ကုန်တိုင်း​ဒေသကြီး​ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ ဦး​ဇော်​အေး​မောင်က ​ပြောပါတယ်။

“မရ​သေး​ဘူး​၊​ ခုံရုံး​ရဲ့​ဥပ​ဒေမှာ ပါတာက ခုံရုံး​ရဲ့​ဆုံး​ဖြတ်ချက်ကို အပြီး​သတ် အစီအစဉ်၊​ ခုံရုံး​ရဲ့​ဆုံး​ဖြတ်ချက်ကို အနီး​စပ်ဆုံး​ နိုင်ငံ​တော် ပြန်တမ်း​မှာ ထည့်​ရမယ်။ ပြီး​ရင် ခုံရုံး​ရဲ့​ဆုံး​ဖြတ်ချက်က တနိုင်ငံလုံး​မှာ ရှိတဲ့​ အဖွဲ့​အစည်း​အား​လုံး​ တနံတလျား​ အာဏာ သက်​ရောက်တယ်။ အား​လုံး​က လိုက်နာရမယ်လို့​ပါတယ်။ လုပ်​ပေး​ဖို့​က အဲဒီအဖွဲ့​ရဲ့​တာဝန်​ပေါ့​။ သက်ဆိုင်ရာ​တွေရဲ့​တာဝန်။”

အန်အယ်လ်ဒီပါတီ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာမြတ်ဥာဏစိုး​က ခုံရုံး​က ဆုံး​ဖြတ်တာ မှန်​ပေမယ့်​ လုပ်ရမယ့်​ အဆင့်​တွေ ကျန်​နေ​သေး​သလို့​ အခုလတ်တ​လောမှာ လွှတ်​တော်ရပ်နား​ထား​တာ​ကြောင့်​ မလုပ်နိုင်​သေး​တာလို့​ ​ပြောပါတယ်။

“ဒီလွှတ်​တော်ပြန်စ​တော့​မှ အဲဒီဥပ​ဒေကို ပြင်​ပေး​ရဦး​မယ်။ ခံစား​ခွင့်​တွေက တ​ပြေး​ညီဖြစ်တယ်လို့​ တချို့​ပုဒ်မ​တွေကို ဖြုတ်ပစ်ရမှာ။ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်ဝန်ကြီး​ဆိုတာ ခံစား​ခွင့်​က တမျိုး​ပဲဖြစ်ရမှာ။ ၂ မျိုး​ဖြစ်​နေတယ်။ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်ဝန်ကြီး​က တခု၊​ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်တိုင်း​ရင်း​သား​ ​ရေး​ရာဝန်ကြီး​က တခု​ပေါ့​။ ဆိုလိုတဲ့​သ​ဘောက ဥပမာ - တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်ဝန်ကြီး​သည် ချီး​မြှင့်​ငွေ သိန်း​ ၂၀ ​ပေါ့​။ တိုင်း​ရင်း​သား​ဝန်ကြီး​က ၁၀ သိန်း​၊​ ​မော်​တော်ယာဉ်ဆိုလည်း​ ၂ စီး​၊​ အဲလို​တွေဖြစ်​နေတာကို ​နောက်က ဥပ​ဒေပုဒ်မ​တွေကို ဥပ​ဒေကို ပြင်ဆင်ချက်အ​နေနဲ့​ ပြင်​ပေး​ရမယ်။ အဲဒါကို ဖျက်ချလိုက်တဲ့​အခါကျ​တော့​မှ ဥပ​ဒေအသစ်မှာကျရင် တ​ပြေး​ညီဖြစ်သွား​မယ်။”

၂၀၁၀ ​ရွေး​ကောက်ပွဲအပြီး​ ​ပေါ်​ပေါက်လာတဲ့​ ပြည်နယ်နဲ့​တိုင်း​အသီး​သီး​က အစိုး​ရအဖွဲ့​တွေမှာ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တွေဟာ ဝန်ကြီး​အမည်ခံထား​ပေမယ့်​ ကျန်ဝန်ကြီး​တွေနဲ့​မတူ လစာအ​ဆောင်အ​ယောင်မတူ နှိမ့်​ချခံထား​ရပြီး​ အစိုး​ရအဖွဲ့​ အစည်း​အ​ဝေး​ကိုလည်း​ တက်ခွင့်​မရှိ ဖြစ်​နေပါတယ်။

အခု လစာအ​ဆောင်အ​ယောင်ရဖို့​ ​သေချာသ​လောက်ရှိ​နေပြီး​ အစိုး​ရ အဖွဲ့​အတွင်း​ တိုင်း​ရင်း​သား​ဝန်ကြီး​တွေ ကက်ဘိနက်ထဲ တာဝန်အရပါ​အောင် လွှတ်​တော်မှာ ဆက်တင်သွား​မယ်လို့​ ဦး​ဆောင်ကြိုး​ပမ်း​သူ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က ​ပြောပါတယ်။

ဒီအချက်နဲ့​ပတ်သက်လို့​ ​ဒေါက်တာ မြတ်ဥာဏစိုး​က ဥပ​ဒေအရ လွှတ်​တော်အမတ်​တွေက ​ဆောင်ရွက်ဖို့​ တည်ဆဲဥပ​ဒေ​တွေအရ မဖြစ်နိုင်​ပေမယ့်​ ဖြစ်နိုင်​ခြေတခု​တော့​ ရှိတယ်လို့​ ​ပြောပါတယ်။

“တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​ ဥပ​ဒေဆိုတာ မရှိဘူး​။ ပြည်​ထောင်စု အစိုး​ရအဖွဲ့​ ဥပ​ဒေဆိုတာပဲရှိတာ။ ဒါက​တော့​ သက်ဆိုင်ရာ ဝန်ကြီး​ချုပ်​တွေက ချီး​မြှင့်​ငွေ၊​ ခံစား​ခွင့်​ အကုန်လုံး​လည်း​ တ​ပြေး​ညီဖြစ်သွား​ပြီ။ ဒီလိုမျိုး​ ခွဲခြား​ဆက်ဆံတာက ဥပ​ဒေနဲ့​လည်း​ မညီညွတ်ဘူး​ဆိုတာလည်း​ ဆုံး​ဖြတ်ပြီး​ပြီဆိုတဲ့​အခါကျ​တော့​ သက်ဆိုင်ရာ တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်​တွေက​နေ ​နောင်ကျင်း​ပမယ့်​ ပြည်နယ်အစိုး​ရအဖွဲ့​ အစည်း​အ​ဝေး​တွေမှာ ဖိတ်ကြား​ပြီး​တော့​ လုပ်ရ​တော့​မှာပဲ။ အဲဒါကို သီး​ခြား​ထုတ်ဖို့​ဆိုတာ​တော့​ ကျ​နော်တို့​ လွှတ်​တော်ဘက်က​တော့​ ဥပ​ဒေပြဋ္ဌာန်း​သတ်မှတ်ထား​တာ မဟုတ်တဲ့​အတွက်​ကြောင့်​ ဒီဘက်က​တော့​ ထုတ်​ပေး​ဖို့​ရှိမှာမဟုတ်ဘူး​။ သမ္မတရုံး​ကပဲ ဒါကိုအမိန့်​ကြေညာစာ သတ်သတ်ထုတ်​ပေး​မလား​။ အဲဒါ​တော့​ ကျ​နော်တို့​ မ​ပြောတတ်ဘူး​။”

တနိုင်ငံလုံး​မှာ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ ၂၉ ဦး​ရှိပြီး​ ကျန်ပြည်နယ်ဝန်ကြီး​က လစာ ၄ သိန်း​ခွဲမှာ သူတို့​က ၃ သိန်း​ခွဲ၊​ ကျန်ပြည်နယ် တိုင်း​ဝန်ကြီး​က ကား​ ၂ စီး​မှာ သူတို့​က ၁ စီး​ရကြပါတယ်။ ပြည်နယ်နှင့်​တိုင်း​ဝန်ကြီး​က ကိုယ်​ရေး​အရာရှိ၊​ တယ်လီဖုန်း​၊​ အိမ် စတဲ့​ အ​ဆောင် အ​ယောင်​တွေ ရှိပြီး​ အစိုး​ရအဖွဲ့​ အစည်း​အ​ဝေး​ တက်ခွင့်​ရ​ပေမယ့်​ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေက အ​ဆောင်အ​ယောင်လည်း​ မရသလို အစည်း​အ​ဝေး​လည်း​ တက်ခွင့်​ မရကြပါဘူး​။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013