Home
မြန်မာသတင်း
ပထမအကြိမ် မြန်မာနိုင်ငံ ကမ္ဘာမြေသိပ္ပံဆိုင်ရာ ကွန်ဖရင့် မုံရွာတက္ကသိုလ်တွင် ကျင်းပ
Aung Ko Latt
·
November 27, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာနိုင်ငံ ကမ္ဘာမြေသိပ္ပံဆိုင်ရာ ကွန်ဖရင့်ကို ပထမဆုံး အကြိမ်အဖြစ် ၂ရက်တာ စတင်ကျင်းပနေပါတယ်။ ဒီကွန်ဖရင့်မှာ မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးက ဘူမိဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ဓာတုဗေဒ စတဲ့ ကမ္ဘာမြေနဲ့သက်ဆိုင်တဲ့ သိပ္ပံ ဘာသာရပ်တွေက ဆရာ၊ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေက စာတမ်းပေါင်း ၁၀၀ ကျော်နဲ့ ပိုစတာပေါင်း ၂၀ ကျော်ကို တင်သွင်းဖတ်ကြားကြမှာဖြစ်ပါတယ်။ နည်းပညာ တိုးတက်လာတာနဲ့အမျှ မြေပေါ်မြေအောက် သယံဇာတတွေကို အတိုင်းထက်အလွန် ထုတ်ယူသုံးစွဲလာတာ၊ လူဦးရေ တိုးပွားလာတာတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူသား သဟဇာတမဖြစ်တော့ဘဲ ကမ္ဘာမြေ သိသိသာသာ ယိုယွင်းလာတာကြောင့် ကမ္ဘာမြေ ရေရှည်တည်တံ့ခိုင်မြဲရေးမှာ တဖက်တလမ်းက အထောက်အကူပြုနိုင်အောင် ရည်ရွယ်ပြီး ဒီကွန်ဖရင့်ကို ကျင်းပတာလို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မြန်မာနိုင်ငံ ကမ္ဘာမြေသိပ္ပံဆိုင်ရာ ကွန်ဖရင့်ကို အခုမှ မုံရွာတက္ကသိုလ်မှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ပြီး၊ ဒုတိယနဲ့ တတိယအကြိမ်ကို ဟင်္သာတနှင့် တောင်ငူတက္ကသိုလ်တို့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒီကွန်ဖရင့်ကို ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေ၊ ဘူမိဗေဒပညာရှင်တွေ၊ စာတမ်းဖတ်ကြားမယ့်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024