A d v e r t i s e m e n t With Us

အင်ဒိုနီးရှား အာဂွန်မီးတောင်ကို အန္တရာယ်ရှိ အမြင့်ဆုံးအဆင့်သတ်မှတ်

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အာဂွန်မီးတောင်ကို အန္တရာယ်ရှိတဲ့ အမြင့်ဆုံးအဆင့် ၄ အဖြစ် ဒီကနေ့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ အဲဒီနောက် မီးတောင်အနီးဝန်းကျင် ၅ မိုင်ကနေ ၆ မိုင်အတွင်း နေထိုင်သူတွေကို ဘေးလွတ်ရာ ချက်ချင်းပြောင်းရွှေ့ဖို့ ညွှန်ကြားခဲ့ပါတယ်။ “နိုဝင်ဘာ ၂၇ ရက်နေ့  မနက် ၆ နာရီကစပြီး level ၃ အဆင့်ကနေ အန္တရာယ်ရှိတဲ့ level ၄ အဆင့်ကို တိုးမြှင့်သတ်မှတ်လိုက်တာပါ” လို့ သဘာဝဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီ အကြီးအကဲက ပြောပါတယ်။ အဲဒီအေဂျင်စီ ထုတ်ပြန်ချက်အရ အာဂွန်မီးတောင် ထိပ်ဝကနေ မီးခိုးရောင် ပြာမှုန်တွေ လွင့်စင်လာတာကို မြင်တွေ့ရပြီး အားပျော့တဲ့ ပေါက်ကွဲမှုလေးတွေကို မြင်တွေ့ရပါတယ်။ အဲဒါဟာ မီးတောင်ပေါက်ကွဲတော့မှာကို ပြသနေတာဖြစ်တယ်လို့ အေဂျင်စီက ဆိုပါတယ်။ အာဂွန်မီးတောင်ဟာ မနေ့ညနေပိုင်းကလည်း ပြာတွေ ဆက်ပြီးမှုတ်ထုတ်နေလို့ နိုင်ငံတွင်းရှိ လုံဘုတ်လေဆိပ်ကို ပိတ်လိုက်ရပါတယ်။ မီးတောင်ဝန်းကျင်ကနေ လေယာဉ်ပျံသန်းမှု သတိပေးချက်ကိုလည်း အင်ဒိုနီးရှားနဲ့ ဒေသတွင်း အာဏာပိုင်တွေက အဆင့်မြှင့်ခဲ့ပါတယ်။ မနေ့က အစောပိုင်းမှာတော့ ဘာလီကျွန်းရဲ့ ကောင်းကင်ပြင်မှာ မီးတောင်ပြာတွေနဲ့ ရေငွေ့တွေ မီတာ ၆ ထောင်ကျော်တဲ့အထိ ထိုးတက်နေတာပါ။ ဘာလီကျွန်း အရှေ့မြောက်ပိုင်းက မီးတောင်နားမှာရှိတဲ့ လမ်းတွေ၊ ကားတွေနဲ့ အဆောက်အဦတွေကို ပြာတွေ ဖုံးလွှမ်းနေပါတယ်။ ချော်ရည်ဖြစ်ပုံရတဲ့ အနီရောင် စီးကြောင်းတွေကို မြင်နေရတဲ့ ဓာတ်ပုံတွေကို အစိုးရ သတင်းဌာန အန်တာရာက ဖြန့်ချိခဲ့ပါတယ်။ အာဂွန်မီးတောင်ဟာ ၁၉၆၃ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး လူ ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up