အင်းတော်မြို့နယ်တွင် ဘိန်းမည်းများ ဖမ်းဆီးရမိ

2.1K
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားလမ်းဆုံမှာ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ဘိန်းမည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ရဲအုပ်ကျော်မင်းထွန်းက ပြောပါတယ်။
မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ရဲအုပ်ကျော်မင်းထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါး သတင်းအရ အင်းတော်-မိုးညှင်းသွား ကားလမ်း မိုင်တိုင်အမှတ် ၂၃၄ နားမှာ စောင့်ဆိုင်းနေချိန် အင်းတော်မြို့ဘက်ကနေ ဦးသိန်းမြင့် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
“သိန်းမြင့် မောင်းနှင်လာတဲ့ ဆိုင်ကယ်ထဲက ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ဘိန်းမည်း (၆၅၃ ဒသမ ၂) ဂရမ်ပါ ၂ ထုပ်၊ ၁၅၀ ဂရမ်ပါ ၁ ထုပ်၊ စုစုပေါင်း ၁ ဒသမ ၄၅၆ ကီလို၊ ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း ၄၃၆၈,၀၀၀ ခန့်ရှိတယ်” လို့ ကသာ မူးယစ်တပ်ဖွဲ့စု (၆) မှ ရဲအုပ်ကျော်မင်းထွန်းက ပြောပါတယ်။
အင်းတော်မြို့မရဲစခန်းက ဦးသိန်းမြင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)