ရန်ကုန်မြို့ ပတ်ဘူတာရုံတချို့ ပြင်ဆင်မှုများ ပြုလုပ်
DVB
·
November 27, 2017
မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ခရီးစဉ်ကြောင့် ရန်ကုန်မြို့ပတ်ဘူတာရုံတချို့ကို ပြင်ဆင်မှု ပြုလုပ်နေပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုဝင်ဘာ ၂၉ ရက်နေ့ ကျိုက္ကဆံအားကစားကွင်းမှာ ပြည်သူလူထုနဲ့တွေ့ဆုံဖို့ စီစဉ်ထားတာကြောင့် အနယ်နယ်အရပ်ရပ်က ခရစ်ယာန်ဘာသာဝင်တွေဟာ ရန်ကုန်မြို့ ကို ရောက်ရှိနေပါတယ်။
“လောလောဆယ် တာဝန်ရှိသူတွေက ကျိုက္ကဆံကွင်းနဲ့နီးတဲ့ ဘူတာတွေကို ဦးစားပေးဆောင်ရွက်တာပါ။ ပြင်ဆင်မှုကတော့ ဘူတာတွေကို ဆေးပြန်သုတ်တယ်၊ ဆိုင်းဘုတ်တွေ သေချာပြန်လုပ်တယ်၊ ဘူတာပတ်ဝန်းကျင်က အမှိုက်တွေရှင်းပြီး မီးတိုင်တွေကို ပြန်ပြင်တယ်။ အသေးစားပြင်ဆင်မှုမှာပဲ” လို့ တာမွေဘူတာက တာဝန်ရှိသူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
ပြည်သူလူထုနဲ့တွေ့ဆုံမဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့တွင်း အထူးကား ၅ စီးနဲ့ အကြိုအပို့ ပြေးဆွဲမှာဖြစ်သလို အထူးရထားတွေ ပြေးဆွဲဖို့လည်း စီစဉ်ထားပါတယ်။
နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ ဖိတ်ကြားချက်အရ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၄ ရက်ကြာ ချစ်ကြည်ရေး လာရောက်မှာပါ။
သတင်းဓာတ်ပုံ - ပြည့်ဘုန်းအောင်