
သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ ဒီနေ့မနက် တွေ့ဆုံပါတယ်။
[caption id="attachment_24013" align="alignright" width="310" caption="ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က"]
[/caption]
တနာရီကျော်ကြာမြင့်တဲ့ ဒီတွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေးတယ်ဆိုတာ မသိသေးဘဲ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေ့လယ်စာအတူ သုံးဆောင်ကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းရပ်ကွက်က ပြောပါတယ်။
သမ္မတက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယမြောက်တွေ့ဆုံမှုဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်ကို တွေ့ဆုံမှုလည်းဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့် လွှတ်တော်မစတင်မီ နှစ်ပတ်အလို တွေ့ဆုံမှုဖြစ်ပါတယ်။
သမ္မတရဲ့ တွေ့ဆုံမှုဟာ အနောက်နိုင်ငံတွေက မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ထားမှုကို ဖြည်းဖြည်းချင်း ရုပ်သိမ်းဖို့ စတင်ပြောဆိုလာချိန် ဖြစ်သလို သောကြာနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက် မလည်ပတ်ခင်အချိန် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီးတဲ့နောက် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ဆင်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့တာမှာ ၄၄ နေရာမှာ ၄၃ နေရာ အနိုင်ရခဲ့ပြီး လာမယ့် ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကို စတင် တက်ရောက်တော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခု ဩဂုတ် ၁၉ ရက်နေ့တုန်းကလည်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတုန်းက ထုတ်ပြန်ချက်မှာ သူတို့နှစ်ဦးဟာ မတူကွဲပြားတဲ့အမြင်တွေကို ဘေးဖယ်ပြီး နိုင်ငံနဲ့ လူမျိုးအတွက် တကယ်အကျိုးရှိမယ့် ဘုံအကျိုးစီးပွားတွေမှာ ပူးပေါင်း ဆောင်ရွက်ကြမယ့် အလားအလာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပါရှိပါတယ်။











