ရွာပုန်းရွာရှောင် ဒုက္ခသည်တွေ ပြန်လည်အခြေချရေး မေးမြန်းချက်
အေးနိုင်
·
April 10, 2012
အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အကြား အခုရက်ပိုင်း သဘောတူညီချက်ထားတဲ့ အချက်တွေထဲမှာ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ကြောင့် တောထဲတောင်ထဲမှာ ပုန်းအောင်နေရတဲ့ ရွာပုန်းရွာရှောင် ဒုက္ခသည်တွေကို နေရပ်မှာ ပြန်လည်အခြေချနေထိုင်ရေးဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
[caption id="attachment_24003" align="alignleft" width="310" caption="ဆရာမန်းမန်း"][/caption]
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ)ရဲ့ ၂၀၁၀ ခုနှစ် ကိန်းဂဏန်းအရ မြန်မာပြည်မှာ ရွာပုန်းရွာရှောင် ဒုက္ခသည် (အိုင်ဒီပီ) ၄ သိန်းခွဲ ရှိတယ်လို့ ဆိုပါတယ်။ အဓိကအားဖြင့် မငြိမ်မသက်ဖြစ်နေတဲ့ ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်၊ ပဲခူး၊ တနင်္သာရီ ဒေသတွေမှာ ဖြစ်ပါတယ်။
ရွာပုန်းရွာရှောင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပြန်လည် အခြေတကျ ဖြစ်ရေးအတွက် ရေတို ရေရှည် လိုအပ်ချက်တွေအကြောင်း၊ စစ်ပြေးဒုက္ခသည်တွေကို ကျန်းမာရေး အကူအညီပေးနေတဲ့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့ ခေါင်းဆောင် ဆရာမန်းမန်းကို မေးမြန်းထားပါတယ်။
“ကရင်ပြည်နယ်မှာရှိတဲ့ လူဦးရေအားလုံးလိုလို အနည်းဆုံးအဆင့်တော့ တောထဲမှာ ထွက်ပြေးပုန်းရှောင်ရတဲ့ ခေတ္တယာယီပဲပေါ့၊ တော်တော်များများရှိတယ်။ အရေအတွက်ကတော့ ပြောရတာခက်တယ်။ ယေဘုယျအားဖြင့်တော့ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ နယ်စပ်ဒေသ တလျှောက်လုံးမှာ ရှိတဲ့လူဦးရေကတော့ အိုင်ဒီပီ လိုအဖြစ်မျိုးတွေတော့ ကရင်လူထုတွေ သက်ရောက် ခံစားနေရတယ်။”
သူတို့တွေက ဘယ်လိုအရေးကိစ္စတွေမှာ အရေးတကြီး အကူအညီ လိုနေတယ်လို့ ဆရာတို့ မြင်ရလဲ။
“အထူးသဖြင့် ကျန်းမာရေးနဲ့ သူတို့ဘဝရှင်သန်ရေး၊ စားဝတ်နေရေးပေါ့။ ပညာရေးတွေကအစ သူတို့ကို အဓိက အခြေခံလိုအပ်ချက်တွေ ဖြစ်ပါတယ်။”
တောထဲတောင်ထဲမှာ ပုန်းအောင်းနေတာဆိုတော့ သူတို့မှာပါလာတဲ့ ကလေးတွေ၊ ပညာသင်ကြားရေးတွေအပါအဝင် သူတို့ဘဝရှေ့ရေးအတွက် ဘာတွေလုပ်သင့်တယ်လို့ ကေအန်ယူနဲ့ အစိုးရဘက်ကလူတွေကို ဘာများ ပြောချင်လဲ။
“ပထမဆုံးကတော့ သူတို့ရဲ့ကျန်းမာရေးနဲ့ စားဝတ်နေရေးပေါ့။ ဒုတိယတော့ ဘဝရှေ့ရေးပေါ့။ ကလေးတွေရဲ့ ပညာရေးမှာ အထူးသဖြင့်တော့ ကလေးသူငယ်တွေ မူလတန်းပညာကို အကုန်လုံး လက်လှမ်းမီနိုင်ရမယ်။ မူလတန်းပညာပြီးတော့ အလယ်တန်းနဲ့ အထက်တန်းပညာပေါ့။ နောက်ဆုံးအဆင့် တက္ကသိုလ် ကျောင်းတွေအထိ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေကိုတော့ ဆောင်ရွက်ပေးဖို့တော့ လိုပါလိမ့်မယ်။ သို့သော်လည်း အဲဒီအဆင့် ရောက်နိုင်ဖို့ကတော့ သူတို့ရဲ့ဘဝ ပြန်လည်ထူထောင်ရေး အဆင့်ပေါ်မှာ အချိန်အများကြီး ယူရဦးမှာဖြစ်ပါတယ်။”
အိုင်ဒီပီတွေ ပြန်လည်နေရာချထားရေး ကိစ္စကို ကေအန်ယူနဲ့ အစိုးရဘက်ကလူတွေ ဆောင်ရွက်တဲ့အပေါ်မှာ ဘယ်လိုကိစ္စတွေက ထိခိုက်လွယ်တာကြောင့် ဘယ်လို သတိထားကိုင်တွယ်ရမယ်လို့ မြင်လဲဆရာ။
“ပထမဆုံးပြဿနာကတော့ နေရာကိစ္စပေါ့။ အရင်ဘိုးဘွားခေတ်ကတည်းက သူတို့ပိုင်ဆိုင်ခဲ့တဲ့နေရာတွေကို ဆုံးရှုံးခဲ့ရတယ်။ တချို့လူထုတွေလည်း ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တယ်။ တချို့လူထုတွေက တခြားကျေးရွာတွေမှာ ပုန်းနေရတယ်။ မြေယာကိစ္စမှာလည်း မြေယာပိုင်ဆိုင်ခွင့်တွေ၊ မြေယာပြန်လည် ဝေခြမ်းဖို့ ကိစ္စက ပထမဆုံး ဦးစားပေးဆောင်ရွက်မယ့် ကိစ္စဖြစ်ပါတယ်။”
အိုင်ဒီပီတွေ အနေနဲ့ နေရင်းဒေသ ပြန်လည်အခြေချမယ့် သူတို့အတွက် အရေးအကြီးဆုံး အာမခံချက်ကို ပြည်ထောင်စု အစိုးရဘက်ကပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရပဲဖြစ်ဖြစ်၊ အိုင်ဒီပီတွေအတွက် အရေးအကြီးဆုံး အာမခံချက် သူတို့ဘဝ လုံခြုံဖို့အတွက်ဆိုရင် ဘာဖြစ်မလဲ။
“အိုင်ဒီပီတွေအတွက် အရေးကြီးဆုံး ဘဝလုံခြုံမှုရှိဖို့က ပြည်ထောင်စု အစိုးရဘက်ကပဲဖြစ်ဖြစ်၊ ကေအန်ယူဘက်ကပဲဖြစ်ဖြစ်၊ နှစ်ဖက်ရဲ့ တာဝန်ယူမှုဆိုတာထက် အဓိက ပြဿနာကိုတော့ ကြည့်ဖို့တော့လိုတယ်။ အဲဒါကိုတော့ ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်။ ကေအန်ယူဘက်ကကော၊ အစိုးရစစ်တပ်ဘက်ကကော၊ အပစ်အခတ် ရပ်စဲရေး တစုံတရာ လက်မှတ်ထိုးခဲ့သော်လည်း အခြေခံဖြစ်တဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင်တော့ ဒီပဋိပက္ခက ပြေလည်နိုင်မှာမဟုတ်သေးဘူး။ ဒါကြောင့်မို့ အိုင်ဒီပီကိစ္စကို ပြေလည်နိုင်ဖို့အတွက် ပြည်သူလူထုတွေအတွက် ဘဝလုံခြုံမှု အာမခံနိုင်ဖို့အတွက်က ဒီနေ့တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုနေတဲ့ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေအတွက် ဒီနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်ပြီး အာမခံချက်ရှိနိုင်မှသာ အိုင်ဒီပီတွေရဲ့ဘဝ၊ ဒုက္ခသည်တွေရဲ့ဘဝကို အာမခံချက် ပေးနိုင်မှာဖြစ်တယ်။”
နောက်ထပ် ဘာများဖြည့်စွက်ပြောစရာ ရှိလဲဆရာ။
“အဓိကတော့ အပစ်အခတ် ရပ်စဲရေးဆိုတာ အချိန်မရွေး ပြဿနာပြန်ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ အိုင်ဒီပီဘဝကို အာမခံချက်ရှိဖို့ ဆိုတာတော့ အဓိကကျတာက နိုင်ငံရေး အာမခံချက်ရှိဖို့လိုတယ်။ နိုင်ငံရေးအာမခံချက်ဆိုတဲ့ နေရာမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ပြေပြေလည်လည် ဖြေရှင်းဆောင်ရွက်နိုင်တဲ့ အဆင့်ရှိနိုင်မှသာလျှင် အိုင်ဒီပီတွေရဲ့ ဘဝက အာမခံချက်ရှိမယ်လို့ ယူဆပါတယ်။”