ဆင်ကို အနီးကပ် ဓာတ်ပုံရိုက်သည့် လုံခြုံရေး ဆင်နင်းခံရ သေဆုံး (ရုပ်သံ)

ဆင်ကို အနီးကပ်ဓာတ်ပုံရိုက်တဲ့ အမျိုးသား တဦး ဆင်နင်းခံရလို့ သေသွားတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂယ်ခရိုင်ထဲက ဂျယ်ပိုင်ဂူရီမြို့ လမ်းပေါ်မှာ  ဆာဒစ်ရာမန်းဆိုတဲ့ လူကို ဆင်ကြီး နင်းသတ်လိုက်တာ တွေ့တဲ့မျက်မြင်တွေက ဓာတ်ပုံရိုက်ခဲ့တာလို့ နိုဝင်ဘာ ၂၄ ရက်နေ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ အခင်းဖြစ်ပွားတာက မြို့ရဲ့ဂိုရူမရာအမျိုးသား ပန်းခြံနားက အဝေးပြေးလမ်းပေါ်မှာ ဆင်က လမ်းပိတ်လို့ ရပ်နေတုန်း မစ္စတာရာမန်း ဆင်နင်းသတ်ခံခဲ့ရတာပါ။ အသက် ၄၀ အရွယ် မစ္စတာရာမန်းက မြို့ရဲ့ဘဏ်တခုမှာ လုံခြုံရေးတဦးအဖြစ်  လုပ်ကိုင်ပြီး အလုပ်သွားနေတုန်း ဆင်ဓာတ်ပုံ ကောင်းကောင်းရအောင် အနီးကပ်ဓာတ်ပုံရိုက်ဖို့ သူ့ကားကို ထားပြီး ထွက်လိုက်ပါတယ်။ ဒါပေမယ့် ဆင်နဲ့ အရမ်းကို နီးကပ်သွားလို့ ဒီလို ဆင်နင်းသတ်ခံရပြီး ရပ်ကြည့်နေသူတွေလည်း အံအားသင့်ကုန်ကြပါတယ်။ ရုပ်သံထဲမှာ မစ္စတာရာမန်းက ဆင်ရဲ့ဘေး လမ်းပေါ်မှာ လဲကျနေပြီး ဆင်ကြီးက သူ့ကို ကန်လိုက်တာ တွေ့ရပါတယ်။ နောက် ၁၅ မိနစ်လောက်အကြာမှာ ဆင်က တောထဲကို ဝင်သွားပြီး မစ္စတာရာမန်းကတော့ ဆင်နင်းခံလို့ရတဲ့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးနေပြီလို့ သိရပါတယ်။ “ဒီနေရာမှာ ဆင်တွေ သွားနေတာက ပုံမှန်ပါပဲ။ နေ့တိုင်းလိုလို အဝေးပြေးလမ်းမကြီးကို ဆင်တွေ ဖြတ်တယ်၊ ထုံးစံကတော့ ဘယ်သူမှ သူတို့ကားတွေထဲက မထွက်ကြဘူး၊ ဆာဒစ်က ဆင်နင်းသတ်ခံရတယ်” လို့ သစ်တောအရာရှိ တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အနောက်ဘယ်ဂယ်ခရိုင်ထဲမှာ ဆင်နင်းလို့ လူ ၈၄ ဦး သေဆုံးပြီး ဆင်တော်တော်များလို့ ရထားတိုက်ခံရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

More News
Up