DVB Logo
Home
မြန်မာသတင်း
မီး​ပူဖြင့်​ အကပ်ခံရသည့်​အမှု ရဲက လျစ်လျူရှု
DVB
·
April 10, 2012
မီး​ပူဖြင့်​ အကပ်ခံရသည့်​အမှု ရဲက လျစ်လျူရှု
Donate to DVB

ပဲခူး​မြို့​မှာ ​ရှေ့​နေအမျိုး​သမီး​တဦး​က သူ့​ရဲ့​ အိမ်​ဖော်က​လေး​ငယ်ကို မီး​ပူနဲ့​ကပ်လို့​ ဒဏ်ရာရရှိတယ်ဆိုတဲ့​သတင်း​ ပြည်တွင်း​ဂျာနယ်မှာ ပါလာ​ပေမယ့်​ အ​ရေး​မယူဘူး​လို့​ လိုက်ပါကူညီ​နေသူ​တွေက ​ပြောပါတယ်။

ဒုတိယ မြို့​နယ်တရား​သူကြီး​ ဦး​အောင်ဖုန်း​ဝင်း​ရဲ့​ ဇနီး​ ​ရှေ့​နေ ​ဒေါ်ဖြူဝင်း​သက်က အသက် ၁၅ နှစ်အရွယ်ရှိ အိမ်​ဖော် မ​အေး​ယု​အောင်ကို မီး​ပူတိုက်တာ ကြာလို့​ဆိုပြီး​ မီး​ပူနဲ့​ကပ်တာ လည်ပင်း​မှာ ဒဏ်ရာရတဲ့​အ​ကြောင်း​ က​လေး​မ​လေး​ရဲ့​ ​ပြောပြချက်ကို ကိုး​ကား​ပြီး​ ဂျာနယ်သတင်း​ထောက် ကိုရဲက ​ရေး​သား​ခဲ့​တာပါ။

သူတို့​ဇနီး​မောင်နှံဟာ ပဲခူး​မြို့​ ဥဿာမြို့​သစ်၊​ အမှတ် ၇ ရပ်ကွက်၊​ ဗိုလ်​တေဇလမ်း​ရှိ ပဲခူး​တိုင်း​ဒေသကြီး​ လွှတ်​တော်ဥက္ကဋ္ဌ ဦး​ဝင်း​တင် အိမ်မှာ ငှား​နေကြတာဖြစ်တဲ့​အတွက် အရှိန်အဝါ​တွေ​ကြောင့်​ အမှုမလုပ်ရဲ​အောင် ဖြစ်​နေတာလို့​ ပတ်ဝန်း​ကျင်က ​ဝေဖန်​နေပါတယ်။

က​လေး​မရဲ့​လည်ပင်း​မှာ ဒဏ်ရာကျက်​နေတဲ့​ပုံကို ဓာတ်ပုံနဲ့​တကွ ဧပြီ ၄ ရက် ​နေ့​စွဲနဲ့​ ပြည်တွင်း​ဂျာနယ်တခုမှာ ပါပြီး​တဲ့​နောက် ရဲကစုံစမ်း​တယ်လို့​ သိရ​ပေမယ့်​ အမှုဖွင့်​ အ​ရေး​ယူ​ဆောင်ရွက်ခြင်း​ မရှိဘူး​လို့​ လိုက်ပါကူညီ​နေသူ​တွေက ​ပြောပါတယ်။

ဒီလို အနာတရဖြစ်​အောင် လုပ်ခဲ့​တာကို အပြင်ကို မ​ပြောဖို့​ က​လေး​ကိုပါ ခြိမ်း​ခြောက်ခဲ့​သေး​တယ်လို့​ အဲဒီသတင်း​က ဆိုပါတယ်။ ပဲခူး​မြို့​က လူမှု​ရေး​ ကူညီ​ပေး​နေသူ ဦး​ကြည်လင်း​က က​လေး​ကို ရဲစခန်း​ ကူညီပို့​ဆောင်​ပေး​ခဲ့​ပေမယ့်​ အမှုမဖွင့်​ဖြစ်ဘူး​လို့​ ​ပြောပါတယ်။

ရဲက တရား​သူကြီး​ ဦး​အောင်ဖုန်း​ဝင်း​ကို ​ခေါ်​မေး​ရာမှာ သူ့​ဇနီး​လုပ် မလုပ် သူမသိ​ကြောင်း​ ​ဖြေကြား​ပြီး​ က​လေး​မ​လေး​ မနစ်နာရ​လေ​အောင် ​ဆောင်ရွက်မယ့်​ အ​ကြောင်း​နဲ့​ က​လေး​မရဲ့​ မိဘ​တွေရှိရာ ပဲခူး​မြို့​ ​ကျောက်ကြီး​ ​ကျေး​ရွာကို ပို့​ဆောင်​ပေး​ဖို့​ ဦး​အောင်ဖုန်း​ဝင်း​က ​ခေါ်​ဆောင်သွား​တယ်လို့​ ဆိုပါတယ်။

ဒီမနက် ၁၁ နာရီခွဲခန့်​မှာ​တော့​ သတင်း​ထောက်ကိုရဲက ဒီသတင်း​အတွက် တရား​သူကြီး​ ဦး​အောင်ဖုန်း​ဝင်း​ထံကို သွား​ရောက်​မေး​မြန်း​ရာမှာ ဒီဖြစ်ရပ်နဲ့​ ပတ်သက်လို့​ တစုံတရာ ​ပြောဖို့​မရှိ​ကြောင်း​ ​ဖြေဆိုခဲ့​တယ်လို့​ ကိုရဲက ​ပြောပါတယ်။

“​နောက်ဆုံး​အ​ခြေအ​နေက အခု တရား​သူကြီး​နဲ့​ ဝင်​တွေ့​လာတယ်။ ကျ​နော်​မေး​တဲ့​ ​မေး​ခွန်း​တွေကို ​ဖြေဆိုဖို့​ငြင်း​ဆန်တယ်။ အဲဒါ ​နောက်ဆုံး​ အ​ခြေအ​နေပဲ။”

ဒီကိစ္စကို အမှုဖွင့်​ မဖွင့်​ အမှတ် ၃ ရဲစခန်း​ကို ဆက်သွယ်​မေး​မြန်း​ရာမှာ တာဝန်ကျတဦး​က ဒီအမှု ဒီကိုလည်း​ လာမတိုင် အမှုလည်း​ မဖွင့်​ထား​ပါဘူး​လို့​ ​ဖြေပါတယ်။

လူမှု​ရေး​ လိုက်ပါကူညီ​နေသူ ဦး​ကြည်လင်း​က​တော့​ ဒီအမှုမျိုး​မှာ ရဲကသိရင် တရား​လိုအဖြစ် လိုက်ပါ​ဆောင်ရွက်ရမယ်လို့​ ယုံကြည်​နေပါတယ်။

“ဒီအမှု​တွေက တရား​လိုမရှိရင် ရဲကတရား​လို လုပ်ရမယ်ဆိုတာ ကျ​နော်တို့​လည်း​ အရင်က သ​ဘောသိပ်မ​ပေါက်ဘူး​။ အခုမှ သ​ဘော​ပေါက်တယ်။ အဲဒီလို ပြဌာန်း​ထား​တယ်ဆိုရင် ရဲအ​နေနဲ့​ လုပ်သင့်​တယ်လို့​ ထင်တာ​ပေါ့​။”

မြန်မာနိုင်ငံမှာ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်က လိုက်ပါ ​ဆောင်ရွက်ဖို့​ကို ဦး​ကြည်လင်း​က လိုလား​နေပြီး​ မကြာခင် မ​အေး​ယု​မော်နဲ့​ မိဘ​တွေဆီ လိုက်​မေး​ပြီး​ အမှုမှန်​ပေါ်​အောင် ကူညီမယ်လို့​ ​ပြောပါတယ်။

နိုင်ငံ​တော်သမ္မတနဲ့​ လွှတ်​တော်ဥက္ကဋ္ဌ​တွေက​တော့​ မြန်မာနိုင်ငံမှာ တရား​ဥပ​ဒေ အထက်မှာ ဘယ်သူမှ မရှိ​စေရလို့​ အခါအခွင့်​သင့်​တိုင်း​ ​ပြောပါတယ်။

မနှစ်ကလည်း​ ပဲခူး​တိုင်း​ ဒိုက်ဦး​မြို့​နယ်မှာ အမျိုး​သမီး​တဦး​ကို ဆယ်စုနှစ်နဲ့​ချီပြီး​ အိမ်တွင်း​ထား​ပြီး​ ခိုင်း​စေတဲ့​သတင်း​ မီဒီယာ​တွေမှာ ပါ​ပေမယ့်​ ကာယကံရှင်တဦး​မှ တရား​တ​ဘောင် ရင်ဆိုင်ရခြင်း​ မရှိပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013