DVB Logo
Home
မြန်မာသတင်း
စသုံး​လုံး​ရုံး​ပေါ်က ပြုတ်ကျ​သေဆုံး​သည့်​အမှု တိုင်ကြား​မရ
DVB
·
April 10, 2012
စသုံး​လုံး​ရုံး​ပေါ်က ပြုတ်ကျ​သေဆုံး​သည့်​အမှု တိုင်ကြား​မရ
Donate to DVB

ရန်ကုန်မြို့​ရှိ အထူး​စုံစမ်း​စစ်​ဆေး​ရေး​ (စစစ) ရုံး​ပေါ်က ပြုတ်ကျ​သေဆုံး​ခဲ့​တဲ့​ မနန်း​ဝိုး​ဖန်း​ ​သေဆုံး​မှုနဲ့​ ပတ်သက်ပြီး​ အမှုဖွင့်​ တိုင်ကြား​လို့​ မရဖြစ်​နေပါတယ်။

ကျပ်​ငွေ သိန်း​ပေါင်း​ ၅ ​ထောင်မက တန်ဖိုး​ရှိတဲ့​ အိမ်ခြံ​မြေကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​ အသက် ၁၉ နှစ်အရွယ် ရှမ်း​အမျိုး​သမီး​ မနန်း​ဝိုး​ဖန်း​ကို စသုံး​လုံး​ရုံး​မှာ မတ် ၂၁ ရက်​နေ့​ကစ ​နေ​ရောညပါစစ်​ဆေး​ခဲ့​ပြီး​ မတ် ၂၄ ရက်​နေ့​ မနက် ၅ နာရီ​လောက်မှာ စသုံး​လုံး​ရုံး​ ၅ ထပ် တိုက်က​နေ ပြုတ်ကျ​သေဆုံး​ခဲ့​တာနဲ့​ ပတ်သက်ပြီး​ အမှုဖွင့်​တိုင်ကြား​လို့​မရ ဖြစ်​နေတာပါ။

ဧပြီ ၆ ရက်​နေ့​က ​ကျောက်တံတား​မြို့​နယ်ရဲစခန်း​မှာ မနန်း​ဝိုး​ဖန်း​ရဲ့​ ဖခင် ဦး​အိုက်ခမ်း​က တရား​လိုအဖြစ် မတရား​ချုပ်​နှောင်မှု ပုဒ်မ ၃၄၁၊​ လူသတ်မှုပုဒ်မ ၃၀၂ စတဲ့​ ပုဒ်မ​တွေနဲ့​ အထူး​စုံစမ်း​စစ်​ဆေး​ရေး​က တာဝန်ရှိသူ​တွေကို အ​ရေး​ယူ ​ဆောင်ရွက်​ပေး​ဖို့​ အမှုဖွင့်​ တိုင်ကြား​ခဲ့​တာလို့​ အမှုမှာ လိုက်ပါ ​ဆောင်ရွက်​ပေး​နေတဲ့​ တရား​လွှတ်​တော်​ရှေ့​နေ ​ဒေါ်နန်း​ထွေး​မှုံက ​ပြောပါတယ်။

“၆ ရက်​နေ့​တုန်း​က ​ကျောက်တံတား​ ရဲစခန်း​မှာ သူ့​အ​ဖေနာမည်နဲ့​ တရား​လိုပြုလုပ်ပြီး​ စွဲလိုက်တယ်။ ကျမက​တော့​ မတရား​ ချုပ်​နှောင်မှုနဲ့​ လူသတ်မှုဆိုပြီး​တော့​ စွဲထား​တာ​ပေါ့​။”

ဒီလိုတိုင်ကြား​ခဲ့​ပေမယ့်​ ​ကျောက်တံတား​မြို့​နယ်ရဲစခန်း​က ​သေမှု​သေခင်း​ အ​နေနဲ့​ အမှုဖွင့်​ထား​ပြီး​ဖြစ်သလို ဌာနတွင်း​ ခုံရုံး​ဖွဲ့​စစ်​ဆေး​မှု ပြုလုပ်​နေပြီ ဖြစ်တာ​ကြောင့်​ အမှုကို လက်မခံခဲ့​တာလည်း​ ဖြစ်ပါတယ်။

ဒါ​ကြောင့်​ တရား​လိုဘက်က အမှုမှန်​ပေါ်​ပေါက်​ရေး​ ဆက်လက်တင်ပြ​ပေး​ဖို့​ ​တောင်း​ဆိုတာ​ကြောင့်​ တိုင်း​ရဲမင်း​ကြီး​ထံ မြို့​နယ်ရဲစခန်း​က တင်ပြခဲ့​တယ်လို့​လည်း​ တရား​လွှတ်​တော်​ရှေ့​နေ ​ဒေါ်နန်း​ထွေး​မှုံက ​ပြောပါတယ်။

ဒီလိုတင်ပြခဲ့​ပေမယ့်​ တရား​ဥပ​ဒေစိုး​မိုး​ရေး​အရ သက်ဆိုင်ရာက လူတ​ယောက်ကို ဖမ်း​ဆီစစ်​ဆေး​ခွင့်​ ရှိတယ်ဆိုတဲ့​ ဥပ​ဒေပါပြဋ္ဌာန်း​ချက်အရ ပြစ်မှုမ​မြောက်တာ​ကြောင့်​ အမှုကို လက်မခံနိုင်​ကြောင်း​ တိုင်း​ရဲမင်း​ကြီး​က မှတ်ချက်​ပေး​ ​ပြောဆိုခဲ့​တာတာ​တွေကိုလည်း​ တရား​လွှတ်​တော်​ရှေ့​နေ ​ဒေါ်နန်း​ထွေး​မှုံက ရှင်း​ပြပါတယ်။

“အခု​သေသွား​တဲ့​ ကိစ္စက သူ့​ဟာသူ တာဝန်မရှိလို့​ သူဟာသူ​သေတာတို့​၊​ ကြိုး​ဆွဲချ​သေတာတို့​၊​ ​သေ​နေတာကို ဘယ်သူသတ်မှန်း​ မသိလို့​ ​တွေ့​တယ်ဆိုတဲ့​ အ​နေအထား​မျိုး​ မဟုတ်ပါဘူး​။ ​သေမှု​သေခင်း​ မဟုတ်ပါဘူး​။ ဒါက တာဝန်ရှိသူ​တွေ ​ခေါ်သွား​ပြီး​၊​ စစ်​ဆေး​ပြီး​ ​ပေါ်​ပေါက်လာတဲ့​ ကိစ္စဖြစ်​နေတဲ့​အတွက် တာဝန်ရှိတဲ့​သူ​တွေ ရှိ​နေပါတယ်။ ဒါ​ကြောင့်​ ဒီတာဝန်ရှိတဲ့​သူ​တွေကို အ​ရေး​ယူ​ပေး​ပါဆိုပြီး​ ​ပြောတဲ့​အခါကျ​တော့​ ရန်ကုန်တိုင်း​ ရဲမှူး​ကြီး​ကို တင်ပြလိုက်ပါဦး​မယ် ဆိုပြီး​ သူတို့​သွား​တင်ပြတယ်။ ရန်ကုန်တိုင်း​ရဲမှူး​ကြီး​က ​ပြောတယ်။ အမှုက မတရား​ချုပ်​နှောင်တာမဟုတ်ဘူး​။ ဌာနတွင်း​ ​ခေါ်စစ်တဲ့​အခါမှာ ဒီလိုမျိုး​ ​ခေါ်ယူစစ်​ဆေး​လို့​ ရပါတယ်။ ကျမက​ပြောတယ်။ အ​စောင့်​အ​ရှောက်နဲ့​ အချိန်ပြည့်​ ​စောင့်​ရှောက်​နေတဲ့​ အချိန်​တွေမှာ ဖြစ်သွား​တဲ့​ကိစ္စမှာ​တော့​ ၂၄ နာရီ​ကျော် သွား​တယ်။ သူတို့​ဘက်က​တော့​ မ​ပေါ်​ပေါက်ပါဘူး​လို့​ ​ပြောပါတယ်။။ အမှုဆက်ဖွင့်​လို့​ မရပါဘူး​ဆိုပြီး​ မှတ်ချက်ပြုလာပါတယ်။ ဒါ​ကြောင့်​ မဖွင့်​ပေး​နိုင်ပါဘူး​လို့​ ​ပြောတယ်။”

ဒီလို အမှုကို တရား​ဥပ​ဒေစိုး​မိုး​ရေး​မှာ အဓိက တာဝန်ရှိတဲ့​ အုပ်ချုပ်​ရေး​ပိုင်း​က တာဝန်ရှိပုဂ္ဂိုလ်​တွေက အမှုမှန်​ပေါ်​ပေါက်​အောင် မလုပ်​ဆောင်​ပေး​တာ​ကြောင့်​ တရား​လို​တွေဘက်က​တော့​ နိုင်ငံ​တော် သမ္မတအပါအဝင် ဒု - သမ္မတ ​ဒေါက်တာစိုင်း​မောက်ခမ်း​တို့​ဆီကိုပါ စာ​ရေး​တိုင်ကြား​ထား​တယ်လို့​လည်း​ မနန်း​ဝိုး​ဖန်ရဲ့​ ဖခင် ဦး​အိုက်ခမ်း​က ​ပြောပါတယ်။

ဒီ​သေဆုံး​မှုနဲ့​ပတ်သက်ပြီး​ ပြည်တွင်း​ထုတ် သတင်း​ဂျာနယ်အချို့​က ​ရေး​သား​ဖော်ပြဖို့​ ကြိုး​စား​ခဲ့​ပေမယ့်​လည်း​ စသုံး​လုံး​ အာဏာပိုင်​တွေဘက်က သတင်း​ထောက်​တွေကို ခြိမ်း​ခြောက် ဖိအား​ပေး​တာ​တွေ ရှိတယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013