DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​သင်္ကြန်တွင် သံချပ်များ​ တ​ကျော့​ပြန်လာပြီ
DVB
·
April 10, 2012
Donate to DVB

ဒီနှစ် မန္တ​လေး​သင်္ကြန်​တွေမှာ ပြီး​ခဲ့​တဲ့​ ၁၀ စုနှစ်​တွေနဲ့​ချီ ငုပ်လျှိုး​ ​ပျောက်ကွယ်သွား​ခဲ့​တဲ့​ သံချပ် ပြန်လည်အသက်သွင်း​တဲ့​အ​နေနဲ့​ လူရွှင်​တော် နှုတ်ခမ်း​မွေး​၊​ ပါပါ​လေး​နဲ့​ လူရွှင်​တော်တို့​ဟာ ဒီနှစ်သင်္ကြန်မှာ အလှပြယာဉ်နဲ့​သံချပ်အဖွဲ့​ထွက်ပြီး​ မြို့​တွင်း​လှည့်​လည်​ဖျော်​ဖြေဖို့​ ​လေ့​ကျင့်​နေကြတယ်လို့​ ​ပြောပါတယ်။

သံချပ်​တွေထဲမှာ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ စီး​ပွား​ရေး​နဲ့​တရား​ဥပ​ဒေ​ရေး​ရာ ကိစ္စ​တွေ စတဲ့​ ​ခေတ်စနစ်အ​ခြေအ​နေကို ထင်ဟပ်တဲ့​ သံချပ်​တွေ ပါဝင်တယ်လို့​နှုတ်ခမ်း​မွှေး​ ပါပါ​လေး​အဖွဲ့​ဝင် လူရွှင်​တော် ဦး​လူ​မော်က ​ပြောပါတယ်။

“မန္တ​လေး​ပြည်သူ​တွေက သံချပ်ကို ​မျှော်​နေကြတယ်။ အဲဒီ​တော့​ လူရွှင်​တော်ပါပါ​လေး​က သူ့​သူငယ်ချင်း​ လူရွှင်​တော်​တွေနဲ့​ စုစည်း​ပြီး​ သံချပ်အဖွဲ့​ထွက်မယ်။ မကြား​ရ၊​ မမြင်ရတာကြာတဲ့​ သံချပ်အဖွဲ့​ကို ပြည်သူ​တွေ ​မျှော်​နေကြတယ်။”

ဒီသံချပ်အဖွဲ့​မှာ လူရွှင်​တော် သ​ပြေဂျာ​အေး​၊​ ဦး​ဒီပါ၊​ ​အောင်ခိုင်တို့​ ပါဝင်ပြီး​ သင်္ကြန် အကြို​နေ့​မတိုင်ခင် တရက်ကစပြီး​ မန္တ​လေး​မြို့​ထဲ လှည့်​လည်ဖို့​ စီစဉ်ထား​ တယ်လို့​ ဆိုပါတယ်။

ဒါ​ပေမယ့်​ ကား​လောင်စာဆီ​ဈေး​ အခက်အခဲနဲ့​ ကုန်ကျစရိတ် များ​တဲ့​အတွက် ​နေ့​တိုင်း​ သံချပ်ကား​ ထွက်နိုင်ဖို့​အခက်အခဲရှိ​နေတယ်လို့​လည်း​ သိရပါတယ်။

မန္တ​လေး​မြို့​ဟာ မြန်မာ့​ရိုး​ရာ အတာသင်္ကြန် ယဉ်​ကျေး​မှုရဲ့​ အချက်အခြာ ​နေရာဖြစ်ပြီး​ တချိန်က ဗိုလ်သခင်ဆရာ၊​ ဒဿဂီရိ၊​ ​ညောင်ပင်သာက ဆိုး​ပေ၊​ ရွာလယ်က အာကျယ်၊​ ဖိုး​သကြား​၊​ ဒိုး​ဒိုး​ဒေါက်​ဒေါက်၊​ ပျိုး​ခင်း​လူငယ် စတဲ့​ နာမည်ကြီး​ သံချပ်အဖွဲ့​တွေနဲ့​ ညဘက် အလှပြယာဉ်​တွေနဲ့​ စည်း​ကား​ခဲ့​ဖူး​ပါတယ်။

စာ​ရေး​ဆရာ ဆူး​ငှက်က​တော့​ သင်္ကြန်မှာ သံချပ်သံ မကြား​ရတာ ကြာပြီဖြစ်တဲ့​အ​ကြောင်း​ကို သံင်္ကြန်နဲ့​ သံချပ်ဆိုတာ ခွဲခြား​မရဘူး​လို့​ ​ပြောပါတယ်။

“နှစ် ၃၀ ​ကျော်ရှိခဲ့​ပြီ။ သင်္ကြန်နဲ့​ သံချပ်ဆိုတာ ခွဲမရဘူး​ ရှိသင့်​ရှိထိုက်တာ​ပေါ့​။ ဘာ​ကြောင့်​လဲဆို​တော့​ သင်္ကြန်ဆိုတာက အများ​လူထု ကိုယ်စား​ပြုပြီး​ လူတဦး​ချင်း​ လွတ်လပ်စွာ ပါဝင်ဆင်နွှဲရမယ့်​ ပွဲ​တော်ကို။ သင်္ကြန်ကို ဘယ်ပုဂ္ဂိုလ်၊​ ဘယ်အဖွဲ့​အစည်း​မှ လက်ဝါး​ကြီး​အုပ်ထား​လို့​မရဘူး​။ အား​လုံး​ ပါဝင်ဆင်နွှဲနိုင်တဲ့​ သံချပ်အဖွဲ့​လည်း​ အတိုင်း​အတာတခုထိ ပါရတာ​ပေါ့​။ အရင်တုန်း​က နာမည်ကြီး​တာက သံချပ်အဖွဲ့​ သုံး​လေး​ဆယ်​လောက်ထိ ရှိတာဗျ။”

အလား​တူ မန္တ​လေး​မြို့​ခံ စာ​ရေး​ဆရာ​တွေဖြစ်တဲ့​ စိုး​အောင် (မန္တ​လေး​)၊​ ဆရာခင်​အောင်ဝင့်​၊​ ဆန်း​ဝင်း​ရှိန် (သမိုင်း​) စသူတို့​နဲ့​ ကဗျာဆရာတချို့​လည်း​ ​တော်ရိ​လျော်ရိ သင်္ကြန်သံချပ်အဖွဲ့​ကို ဖွဲ့​ပြီး​ သံချပ်​တွေနဲ့​ ​ဖျော်​ဖြေကြမယ်လို့​ သိရပါတယ်။ မန္တ​လေး​ မြို့​မဂီတအသင်း​ကလည်း​ ခါတိုင်း​နှစ်​တွေလို အလှပြယာဉ်ထွက်ဖို့​ အစီအစဉ် ရှိ​နေပါတယ်။

မန္တ​လေး​ ကျုံး​ပတ်လည်မှာ​တော့​ ​ရေပက်သင်္ကြန်မဏ္ဍပ်​တွေ စတင်​ဆောက်လုပ်​နေပြီး​ နာမည်ကြီး​တီး​ဝိုင်း​တွေနဲ့​ အဆို​တော်​တွေလည်း​ ​ဖျော်​ဖြေကြမယ်လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013