Home
ဆောင်းပါး
အာဏာရှင် မူဂါဘီ ဇနီးမောင်နှံရဲ့အာဏာနိဂုံး
DVB
·
November 23, 2017
အာဖရိကတိုက် တောင်ပိုင်းက ဇင်ဘာဘွေနိုင်ငံမှာ အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ရောဘတ်မူဂါဘီ အာဏာဆုပ်ကိုင်ထားတာ အနှစ် ၄၀-နီးပါး ကြာခဲ့ပါပြီ။ သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေး ကျဆင်းပြီး ဇင်ဘာဘွေဟာ ကမ္ဘာ့ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ လာဘ်စားမှု ပြင်းထန်ပြီး အတိုက်အခံတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုတွေကြောင့် အနောက်နိုင်ငံတွေက သူ့ကို ကမ္ဘာ့အဆိုးဆုံး အာဏာရှင်တဦးအဖြစ် သတ်မှတ်ထားပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ကတော့ သမ္မတမူဂါဘီအပေါ် တလျှောက်လုံး သစ္စာခံလာတဲ့ စစ်တပ်က တိုင်းပြည်အာဏာကို ရုတ်တရက်သိမ်းယူပြီး သမ္မတနဲ့ သူ့မိသားစုကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပါတယ်။ ဇင်ဘာဘွေစစ်တပ်က ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ တကယ်တော့ လက်ရှိဖြစ်ပျက်နေတဲ့ ဇင်ဘာဘွေ နိုင်ငံရေး အကျပ်အတည်းတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ဒု-သမ္မတ အမ်မာဆန်မနန်ဂါဂွါကို  ရုတ်တရက် ရာထူးက ဖယ်ရှားလိုက်ချိန်ကနေ စခဲ့တာပါ။ “ကြီးကျယ်မြင့်ြ်မတ်တဲ့ သမ္မတမူဂါဘီဟာ သူ့ရဲ့အာဏာကို လက်တွေ့ ကျင့်သုံးတဲ့အနေနဲ့ ဒု-သမ္မတ မနန်ဂါဂွာကို ဒု-သမ္မတအဖြစ်ကနေ ချက်ချင်း ရပ်နားလိုက်ပါတယ်” လို့ ဇင်ဘာဘွေ ပြန်ကြားရေးဝန်ကြီး ဆိုင်မွန်ခါယာမိုယိုက ပြောပါတယ်။ လက်ရုံးတဆူလို နှစ်ပေါင်းများစွာ အားကိုးခဲ့ရတဲ့ ဒု-သမ္မတ မနန်ဂါဂွါကို သစ္စာမဲ့သူအဖြစ် သမ္မတမူဂါဘီက စွပ်စွဲပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကဲခတ်တွေနဲ့ ဇင်ဘာဘွေ ပြည်သူတွေကတော့ “ဒု-သမ္မတ မနန်ဂါဂွါဟာ နာမည်ဆိုးနဲ့ကျော်တဲ့ သမ္မတကတော် ဂရေ့စ်မူဂါဘီရဲ့ နိုင်ငံရေးပြိုင်ဘက် ဖြစ်နေတာကြောင့် အခုလို ဖယ်ရှားခံရတာ” လို့ စွပ်စွဲပါတယ်။ နိုင်ငံရေးအကဲခတ် ပါမောက္ခ ဆီဖာမန်ဒလာဒွန်ဒီက “အခု ဘာဖြစ်နေလဲဆိုတာ မနန်ဂါဂွါ သိပါတယ်။ ၂၀၁၄ တုန်းက ဒု-သမ္မတ မူဂျူရူ အဖြုတ်ခံခဲ့ရတာကို သူ မြင်ခဲ့ပြီးပါပြီ။ တကယ်လို့ ဒီအချိန်မှာ သူ ပြန်တိုက်မယ်ဆိုရင် ကစားပွဲမှာ သူ ရှုံးပြီး မူဂါဘီကို ထောက်ခံနေသူတွေပဲ နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ပြဿနာကို သူ အေးအေးဆေးဆေးပဲ ရင်ဆိုင်ပါလိမ့်မယ်။ သူ့ကို အထီးကျန်အောင် ထားချင်သူတွေရဲ့ လက်ကို သူ စိန်ခေါ်မှာ မဟုတ်ပါဘူး။ သူဟာ တကယ့်ကို အရည်အသွေးရှိတဲ့ ကစားသမားတယောက်ပါ။ သူ ကောင်းကောင်း ကစားနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဂရေ့စ်မူဂါဘီနဲ့ သဘောတူထားတာတွေကို ထိခိုက်အောင်တောင် သူ ကြိုးစားပါလိမ့်မယ်” လို့ သုံးသပ်ပါတယ်။ အတိုက်အခံတွေနဲ့ ဇင်ဘာဘွေ ပြည်သူအများစုကလည်း တိုင်းပြည်ကို အနှစ် ၄၀ နီးပါး အုပ်ချုပ်ခဲ့ပြီး အခု အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ သမ္မတမူဂါဘီဟာ သူ့နေရာမှာ ဇနီးဖြစ်သူ ဂရေ့စ်မူဂါဘီကို သမ္မတအဖြစ် ဆက်ခံစေချင်တာကြောင့် လူကြိုက်များ ထင်ရှားတဲ့ ဒု-သမ္မတကို အခုလို ရာထူးကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။ ဒါကတော့ ပြဿနာစဖြစ်တဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ လက်ရှိ ဇင်ဘာဘွေ နိုင်ငံရေးပြဿနာမှာ အဓိကဇာတ်ကောင် ၄ ဦး ရှိပါတယ်။ အသက် ၉၃ နှစ်အရွယ် သမ္မတ ရောဘတ် မူဂါဘီ၊ သူ့ထက် အသက် ၄၀ ကျော် ငယ်ရွယ်တဲ့ သမ္မတကတော် ဂရေ့စ်မူဂါဘီ၊ ရာထူးကနေ ဖယ်ရှားခံရတဲ့ ဒု-သမ္မတ မနန်ဂါဂွါနဲ့ ရုတ်တရက် အာဏာထသိမ်းလိုက်တဲ့ စစ်ဦးစီးချုပ်  ဗိုလ်ချုပ် ကွန်စတန်တီနိုချီဝမ်ဂါတို့ ဖြစ်ပါတယ်။ အခု အဓိကအကျဆုံး ဇာတ်ကောင်ဖြစ်တဲ့ သမ္မတရောဘတ်မူဂါဘီအကြောင်း အရင်ဆုံး ပြန်ကြည့်မယ်ဆိုရင် ရောဘတ်ဂါဘရီယယ်လ်မူဂါဘီကို ၁၉၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က အဲဒီအချိန်က ဗြိတိသျှ ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့ပြီး နောင်အခါ ခေတ်သစ် ဇင်ဘာဘွေနိုင်ငံ ဖြစ်လာမယ့် တောင်ပိုင်း ရိုဒီရှာဒေသ ကူတာမာမြို့မှာ မွေးဖွားခဲ့တာပါ။ ကူတာမာကောလိပ်နဲ့ Fort Hare တက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး ကျောင်းဆရာတဦး အဖြစ် အသက်မွေးခဲ့ပါတယ်။ အဲဒီအချိန်က တောင်ပိုင်း ရိုဒီရှာဒေသမှာ ဖိနှိပ်တဲ့ လူဖြူအစိုးရကို ဒေသခံ လူမည်းတွေက ဆန့်ကျင်ပြီး အာဖရိကန် လူမည်းအစိုးရတရပ် ပေါ်ထွန်းရေးကို ကြိုးစားနေချိန်ပါ။ မူဂါဘီဟာ မာ့က်စ်နဲ့ လီနင်ဝါဒတွေကို သက်ဝင်ယုံကြည်ပြီး ဗြိတိသျှအစိုးရကို ပြင်းပြင်းထန်ထန် တော်လှန်ခဲ့တာကြောင့် ၁၉၆၄ ကနေ ၇၄ ခုနှစ်အထိ ၁၀ နှစ်ကြာ ထောင်သွင်း အကျဉ်းချခံခဲ့ရပါတယ်။ ပြန်လွတ်လာချိန်မှာ အိမ်နီးချင်း မိုဇမ်ဘစ်နိုင်ငံကို ထွက်ပြေးပြီးနောက်  “ဇင်ဘာဘွေ အာဖရိကန်အမျိုးသားသမဂ္ဂ၊ မျိုးချစ်တပ်ဦး ZANU–PF” ကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီတပ်ဦးကြောင့် ၁၉၈၀ ပြည့်နှစ်မှာ လူဖြူအစိုးရ လက်အောက်ကနေ လွတ်မြောက်ပြီး ခေတ်သစ် ဇင်ဘာဘွေနိုင်ငံကို ထူထောင်နိုင်ခဲ့ပါတယ်။ ဒီအချိန်ကစလို့ ZANU–PF ဟာ တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာရပါတီ ဖြစ်လာပြီး ပါတီခေါင်းဆောင် ရောဘတ်မူဂါဘီဟာလည်း ဇင်ဘာဘွေကို နှစ်ပေါင်း ၃၇ နှစ်ကြာ ဆက်တိုက်အုပ်ချုပ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ လာဘ်စားမှုကြီးထွားပြီး တိုင်းပြည်စီးပွားရေး အကြီးအကျယ် ကျဆင်းမှု၊ Movement for Democratic Change-MDC လို့ အမည်ပေးထားတဲ့ အတိုက်အခံပါတီနဲ့ လူထုအုံကြွမှုတွေအပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်မှု၊ ၂၀၀၂၊ ၂၀၀၈ နဲ့ ၂၀၁၃ ရွေးကောက်ပွဲတွေမှာ မဲလိမ် မဲခိုးတယ်လို့ စွပ်စွဲခံရပြီး အကြိမ်ကြိမ် ပြန်အနိုင်ရမှုတွေကြောင့် ကမ္ဘာ့အဖိနှိပ်ဆုံး အာဏာရှင်တဦးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားလာပါတယ်။ အခုနောက်ဆုံး နှစ်ပေါင်းများစွာ အတူတွဲလုပ်လာတဲ့ ဒု-သမ္မတနှစ်ဦးကို ရှေ့ဆင့်နောက်ဆင့် ရာထူးကနေ ဖယ်ရှားပြီး တိုင်းပြည်အာဏာကို ဇနီးထံ လွှဲပြောင်းဖို့ ကြိုးစားတာကြောင့် ၂၀၁၇ နိုဝင်ဘာ ၁၅ ရက်မှာ  စစ်တပ်က အာဏာသိမ်းပြီး သမ္မတ မူဂါဘီနဲ့ ဇနီးဖြစ်သူကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပါတယ်။ ဒီနောက် ပါတီခေါင်းဆောင်နဲ့ သမ္မတအဖြစ်ကနေ တရားဝင်နုတ်ထွက်ပေးဖို့ ZANU–PF ပါတီက ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ သမ္မတမူဂါဘီက အစက ရာထူးက ဆင်းပေးဖို့ ငြင်းဆန်ခဲ့ပြီး နောက်ဆုံးမှာ ရာထူးက ဆင်းပေးလိုက်ရပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေကတော့ ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီကို တဖက်မှာ တိုင်းပြည်ရဲ့ သူရဲကောင်း၊ တဖက်မှာတော့ ဗီလိန်တဦးအဖြစ် ရေးသားဖော်ပြကြပါတယ်။ သမ္မတရာထူးကို ဆက်ခံဖို့ ကြိုးစားတယ်လို့ စွပ်စွဲခံထားရတဲ့ ဂရေ့စ်မူဂါဘီကတော့ သမ္မတကတော် ဖြစ်လာပြီးတဲ့နောက် ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံပစ္စည်းတွေနဲ့ တန်ဖိုးကြီး ရတနာတွေကို နှစ်သက်တတ်သူ၊ ဒေါ်လာသိန်းချီ အကုန်ုကျခံပြီး ဥရောပနိုင်ငံတွေကို ဈေးဝယ်ထွက်တတ်သူ၊ တန်ဖိုးကြီးတဲ့ အီတလီလုပ် ဂူချီအမှတ်တံဆိပ် နေကာမျက်မှန်တွေနဲ့ အလှကုန်ပစ္စည်းတွေကို ထည်လဲသုံးတာကြောင့် Gucci Grace အဖြစ် လှောင်ပြောင် သရော်ခံရသူ၊ အပြောအဆို မောက်မာပြီး သူတပါးကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တတ်သူအဖြစ် ဂုဏ်သတင်းကြီးသူ ဖြစ်ပါတယ်။ ဂရေ့စ်မူဂါဘီကို ၁၉၆၅ ဇူလိုင်လ ၂၃ ရက်နေ့က ဇင်ဘာဘွေရဲ့ အိမ်နီးချင်း တောင်အာဖရိကနိုင်ငံမှာ သာမန်မိသားစုကနေ မွေးဖွားခဲ့တာပါ။ ၁၉၇၀ သူ ၅ နှစ်သမီး အရွယ်မှာ မိခင်နဲ့အတူ ဇင်ဘာဘွေကို ပြောင်းရွှေ့လာတာကြောင့် နောင်အခါ ဇင်ဘာဘွေနိုင်ငံ ဖြစ်လာမယ့် တောင်ပိုင်း ရိုဒီရှာဒေသမှာ သူ ကြီးပြင်းခဲ့ပါတယ်။ အထက်တန်းပညာကို သင်ယူခဲ့ပြီးတဲ့နောက် ၁၉၈၄ ခုနှစ် အသက် ၁၉ နှစ်အရွယ်မှာ  လေယာဉ်မှူးတဦးနဲ့ လက်ထပ်ပြီး သားတဦး ထွန်းကားခဲ့ပါတယ်။ ဒီ့နောက် ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ သမ္မတမူဂါဘီရဲ့ အတွင်းရေးမှူးအဖြစ် စတင်အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်က သမ္မတမူဂါဘီမှာ တရားဝင်လက်ထပ်ထားတဲ့ ပထမဇနီးရှိပြီး ကျောက်ကပ်ရောဂါကို အပြင်းအထန် ခံစားနေရတာပါ။ နှစ်ဦးစလုံးမှာ အိမ်ထောင်ရှိပေမယ့် သူတို့နှစ်ဦး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ၁၉၉၂ ခုနှစ်မှာ သမ္မတမူဂါဘီရဲ့ ပထမဇနီး ကွယ်လွန်သွားခဲ့ပြီး ၄ နှစ်အကြာ ၁၉၉၆ ခုနှစ်မှာ  သမ္မတ ရောဘတ်မူဂါဘီနဲ့ ဂရေ့စ်တို့ တရားဝင် လက်ထပ်ခဲ့ကြပါတယ်။ အဲဒီအချိန်က သမ္မတမူဂါဘီက အသက် ၇၂ နှစ်၊ ဂရေ့စ်က အသက် ၃၁ နှစ်သာ ရှိပါသေးတယ်။ လက်ထပ်ပွဲ ကြီးကျယ်ခမ်းနားလွန်းတဲ့အတွက် ဇင်ဘာဘွေ သတင်းစာတွေက “၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး မင်္ဂလာပွဲ” အဖြစ် ရေးသား ဖော်ပြခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ဂရေ့စ်မူဂါဘီဟာ ခင်ပွန်းရဲ့ သြဇာအာဏာကိုသုံးပြီး ကြီးမားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ စိန်ရောင်းဝယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေကနေ ဒေါ်လာသန်းချီ ဝင်ငွေရှိခဲ့လို့ ၂၀၀၃ ခုနှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့ကို ဈေးဝယ်ထွက်ရာမှာ အချိန်တိုတွင်း အမေရိကန်ဒေါ်လာ တသိန်း နှစ်သောင်းနဲ့ ညီမျှတဲ့ စတာလင်ပေါင် ၇ သောင်းခွဲ အသုံးပြုခဲ့တယ်လို့ ဥရောပသတင်းစာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဇင်ဘာဘွေအစိုးရ ဗဟိုဘဏ်ကနေ သမ္မကတော်ရဲ့ နာမည်နဲ့ စတာလင်ပေါင် ၅ သန်း ထုတ်ယူခဲ့တာကို သတင်းမီဒီယာတွေက ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီအတွက် အမေရိကန်နဲ့ အီးယူ-ဥရောပသမဂ္ဂက ဇင်ဘာဘွေ သမ္မတနဲ့အတူ သမ္မတကတော် ဂရေ့စ်ကိုပါ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်အရွယ် ကြီးရင့်လာတဲ့ သမ္မတမူဂါဘီအပေါ် အကြီးအကျယ် လွှမ်းမိုးလာခဲ့ပြီး ZANU–PF ပါတီနဲ့ ဇင်ဘာဘွေနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လာပါတော့တယ်။ ၂၀၁၄ ခုနှစ်မှာ ပါတီဥက္ကဋ္ဌ သမ္မတမူဂါဘီက ဇနီးဖြစ်သူ ဂရေ့စ်ကို ZANU–PF ပါတီ အမျိုးသမီးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌအဖြစ် တရားဝင် ခန့်အပ်ခဲ့ပါတယ်။ ဒီရာထူးရရချင်းမှာပဲ သမ္မတမူဂါဘီရဲ့ ရာထူးကို ဆက်ခံနိုင်တယ်လို့ အများက ထင်ကြေးပေးနေတဲ့ အမျိုးသမီး ဒု-သမ္မတ ဂျွိုင့်စ်မူဂျူရူကို  လူထုဟောပြောပွဲတွေမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတော့တယ်။ သိပ်မကြာခင် ၂၀၁၄ ဒီဇင်ဘာလ ပါတီကွန်ဂရက်မှာ သမ္မတမူဂါဘီက ဒု-သမ္မတမူဂျူရူကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတော့တယ်။ ဒီနောက် သမ္မတကတော်ရဲ့ ပစ်မှတ်ဟာ ကျန်ရှိနေတဲ့ ဒု-သမ္မတ မနန်ဂါဂွါအပေါ် ကျရောက်လာပါတော့တယ်။ အခုနှစ် အစောပိုင်းကစလို့ သမ္မတကတော် ဂရေ့စ်က ဒု-သမ္မတ မနန်ဂါဂွါကို “သမ္မတ မူဂါဘီပေါ် သစ္စာမဲ့သူ၊ အာဏာကို လုယူမဲ့သူ” အဖြစ် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေကို မကြာခဏ ကြားခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းက သမ္မတကတော်ဟာ လာမယ့် ၂၀၁၈ ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး သမ္မတရာထူး ဆက်ခံမှာကို အများက စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ လူအများ စိုးရိမ်နေခဲ့သလိုပါပဲ။ နိုဝင်ဘာ ၆ ရက်နေ့မှာ လူသိများ ထင်ရှားတဲ့ ညာလက်ရုံး ဒု-သမ္မတ မနန်ဂါဂွါကို သမ္မတမူဂါဘီက ရာထူးကနေ ရပ်စဲကြောင်း ကြေညာခဲ့တဲ့အတွက် ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။ ဒီအတွက် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူလိုက်ပြီး သမ္မတမူဂါဘီနဲ့ ဇနီးဖြစ်သူကို နေအိမ်အကျယ်ချုပ် ချထားလိုက်တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အသက် ၄၁ နှစ်ငယ်တဲ့ ဇနီးဖြစ်သူကြောင့်ပဲ ဇင်ဘာဘွေနိုင်ငံကို အနှစ် ၄၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ သမ္မတ ရောဘတ်မူဂါဘီတယောက် သမ္မတ ရာထူးကရော ပါတီခေါင်းဆောင်အဖြစ်ကပါ နုတ်ထွက်ခဲ့ရပါတယ်။ ဇင်ဘာဘွေမှာ သမိုင်းကြီးတဲ့ ZANU–PF ပါတီဟာ  သမ္မတမူဂါဘီကို တော်လှန်ရေး ခေါင်းဆောင်အဖြစ် အထူးလေးစားပေမယ့် ပါတီထိပ်တန်းနေရာမှာ သမ္မတကတော် ဂရေ့စ်မူဂါဘီ ဝင်ရောက်နေရာယူပြီး ထိမ်းမနိုင်သိမ်းမရ ဖြစ်လာမှာကို အထူးစိုးရိမ်ခဲ့ပါတယ်။ ဒါေ့ကြာင့် စစ်တပ်က အာဏာသိမ်းပြီးချိန်မှာပဲ သမ္မတမူဂါဘီကို ပါတီခေါင်းဆောင်ရာထူးကနေ ဖယ်ရှားပြီး ဒု-သမ္မတ မနန်ဂါဂွါနဲ့ အစားထိုးလိုက်ပါတယ်။ သမ္မတရာထူးကနေ ၂၄ နာရီအတွင်း နုတ်ထွက်ဖို့လည်း အမိန့်ပေးခဲ့ပါတယ်။ အာဏာသိမ်း စစ်ဗိုလ်ချုပ် ချီဝမ်ဂါကတော့ စစ်တပ်ကို အာဏာသိမ်းတယ်လို့ မမြင်ဘဲ တိုင်းပြည် မငြိမ်မသက်ဖြစ်ချိန်မှာ ယာယီဝင်ရောက်ထိန်းသိမ်းတယ်လို့ မှတ်ယူပေးဖို့နဲ့ သမ္မတ မူဂါဘီ နုတ်ထွက်ရေး ဖိအားပေးဖို့ လူထုကို တိုက်တွန်းခဲ့ပါတယ်။ အစပိုင်းမှာတော့ သမ္မတမူဂါဘီက နုတ်ထွက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီ့အတွက် ဇင်ဘာဘွေလွှတ်တော်က သမ္မတ မူဂါဘီကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး တရားဝင် ဖယ်ရှားဖို့ ထပ်မံညှိနှိုင်းခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ လူထုဖိအား၊ ပါတီနဲ့ လွှတ်တော်ရဲ့ ဖိအား၊ စစ်တပ်ရဲ့ ဖိအားတွေကို ဆက်လက်ခုခံတာမျိုး မလုပ်တော့ဘဲ ဇင်ဘာဘွေကို အနှစ် ၄၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ သမ္မတ ရောဘတ်မူဂါဘီ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရာထူးကနေ တရားဝင် နုတ်ထွက်သွားခဲ့ပါတယ်။ နိုင်ငံရေး အကဲခတ်တွေကတော့ သမ္မတ ရောဘတ်မူဂါဘီ နုတ်ထွက်သွားပြီး အရင် ရာထူးကနေ ဖယ်ရှားခံရတဲ့ ဒု-သမ္မတ မနန်ဂါဂွါ နိုင်ငံ့ခေါင်းဆောင် ပြန်ဖြစ်လာနိုင်ပေမယ့် နှစ်ဦးစလုံး ပါတီတခုတည်းမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူတွေ ဖြစ်ပြီး အမျိုးတူ “ဒီပုတ်ထဲက ဒီပဲတွေ” ချည်း ဖြစ်နေတာကြောင့် ဇင်ဘာဘွေနိုင်ငံရေး ထူးလာစရာ အကြောင်းမရှိဘူးလို့ မှတ်ချက်ပေးပါတယ်။ ဒါပေမယ့် အခု ZANU-PF ပါတီဥက္ကဋ္ဌ နေရာကို အစားထိုး ခန့်အပ်ခံရတဲ့ ဒု-သမ္မတ မနန်ဂါဂွါက သူ အာဏာရရင် တိုင်းပြည်စီးပွားရေး ကောင်းအောင်လုပ်မယ်၊ အတိုက်အခံနဲ့ စေ့စပ်ညှိနှိုင်းမယ်လို့ ကတိပေးထားပါကြောင်း။ ကိုးကား - ရိုက်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024