ပစ်ခိုက်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ကော်မတီ ဘတ်ဂျက် ကန်ဒေါ်လာ ၆ သန်း သုံးစွဲမည်

1.8K
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U အနေနဲ့ အခု ဘတ်ဂျက်ငွေ တိုးမြှင့်သုံးစွဲသွားဖို့ရှိနေပါတယ်။
အခု ၂၀၁၇ ခုနှစ်မှာ ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၅ သန်းကျော် သုံးစွဲခဲ့ရာက လာမယ့် ၂၀၁၈ ခုနှစ်မှာတော့ ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၆ သန်းကျော် သုံးစွဲသွားမယ်လို့ ကော်မတီတာဝန်ရှိသူတွေက နိုဝင်ဘာ ၂၂ ရက် အစည်းအဝေးအပြီးမှာ ပြောဆိုလိုက်ပါတယ်။
JMC ရဲ့ လုပ်ငန်းတွေကို တိုးမြှင့်နိုင်ဖို့ အစီအစဉ်တွေကို စနစ်တကျ ရေးဆွဲနေပြီး ဒေသဆိုင်ရာအဆင့် JMC-L တွေ တိုးမြှင့်ဖွဲ့စည်းသွားနိုင်ဖို့ ကြိုးစားနေတယ်လို့ ကော်မတီ အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောပါတယ်။
JMC ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေထဲမှာ ကော်မတီနဲ့ ဒေသခံပြည်သူတွေ ပုံမှန် တွေ့ဆုံသွားဖို့ အချက်ကို ထည့်သွင်းထာပြီး ပြည်သူတွေရဲ့ သတင်းပေးချက်၊ တိုင်ကြားချက်တွေကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ကော်မတီ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
JMC ကိုထူထောင်ပြီးနောက်ပိုင်း ယခုအချိန်အထိ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်ပါင်း ၂၈၅ ချက်ကို လက်ခံရရှိထားပြီး ၁၈၂ ချက်ကို ဖြေရှင်း နိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်မှာ တိုင်ကြားချက် ၁၂၀ ရှိတဲ့အနက် ၂၉ ချက်ကို ဖြေရှင်းပြီးဖြစ်ကြောင်း JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။