အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့ အခမ်းအနား မြိတ်မြို့တွင် ကျင်းပ
DVB
·
November 22, 2017
အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့ အခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့က မြိတ်မြို့၊ ပုလဲရတနာခန်းမမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို World Vision မှ ဦးဆောင်ကျင်းပခဲ့ပြီး ဌာနဆိုင်ရာတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ မိဘအုပ်ထိန်းသူတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မူလတန်းနဲ့ အလယ်တန်းအရွယ် ကျောင်းသူ ကျောင်းသားတွေ အဓိက တက်ရောက်ခဲ့ပြီး ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘအုပ်ထိန်းသူတွေကို အသိပညာပေး ဟောပြောတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
"ကလေးငယ်တွေကို သူ့တို့ရဲ့ဆန္ဒအတိုင်း လုပ်ခွင့်မပေးဘဲ ကိုယ့်ရဲ့ဆန္ဒအတိုင်းကို ဖြစ်စေချင်လို့ အတင်းအကျပ် လုပ်ခိုင်းတာတွေ မဖြစ်သင့်ဘူး။ သူ့ဝါသနာအရ တနေရာမှာ ထူးချွန်လာမယ့် ပုဂ္ဂိုလ်တယောက်ကို ကိုယ့်ဆန္ဒကြောင့် အညွန့်ကျိုးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိမိကလေးတွေရဲ့ အကျင့်စရိုက်ကို လေ့လာနေဖို့လိုပါတယ်။ မိမိကလေးကသာ တော်တယ်လို့ဆိုတဲ့ အစွဲမျိုး ရှောင်ဖို့လိုပါတယ်။ အိမ်မှာ ဒေါသဖြစ်တဲ့အခါမှာ ကလေးသူငယ်တွေအပေါ် ပုံချလိုက်တာမျိုးတွေကို မိဘ အုပ်ထိန်းသူတွေအနေနဲ့ ရှောင်ရှားသင့်ပါတယ်။ ကလေးသူငယ်တွေ သူတို့ရဲ့ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်ခွင့် ပေးရလိမ့်မယ်”လို့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
၂၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့မှာ တက်ရောက်လာသူတွေကို ပြဇာတ်၊ သီချင်း၊ အကအလှတွေနဲ့ ကလေးသူငယ်တွေက ဖျော်ဖြေခဲ့ကြပါတယ်။
သတင်း - မြတ်ထွဋ်(မြိတ်)