DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် လျှပ်စစ်မီးလင်းရေး သမ္မတကို တောင်းဆို
DVB
·
April 9, 2012
Donate to DVB

ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီးရအောင် လုပ်ဆောင်ပေးဖို့ ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီးရရှိရေးအဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ စာရေးတောင်းဆိုလိုက်ပါတယ်။

“ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီးရရှိရေးအဖွဲ့” က တာာဘိုင်စက်နဲ့ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ဖို့ မတ် - ၂၂ ရက်နေ့မှာ စာပို့တောင်းဆိုထားတယ်လို့ အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင် ဦးဘဂျမ်းဖြူက ပြောပါတယ်။

“ရခိုင်ပြည်နယ်တခုလုံး လျှပ်စစ်မီး မရဘူးပေါ့။ လောလောဆယ် ရနေတဲ့ မီးခက တယူနစ်ကို ၄၅၀ တို့ ၅၀၀ တို့၊ ၆၀၀ ပေးနေရတော့ ကျနော်တို့ ဒေသမှာ လျှပ်စစ်မီး သုံးစွဲဖို့ အင်မတန် အားနည်းနေတယ်။ ရခိုင်ကထွက်တဲ့ ရွှေသဘာဝ ဓာတ်ငွေ့နဲ့ ဂက်စ်တာဘိုင် တည်ဆောက်ပြီး ရခိုင်ပြည်နယ် တခုလုံး လျှပ်စစ်မီးရရှိအောင် အစိုးရကို လုပ်ပေးပါဆိုပြီး တောင်းဆိုစာပို့တယ်ခင်ဗျ။”

ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီးရရှိရေးအဖွဲ့ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပါတီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းဆောင်ရွက်နေကြတာပါ။  သူတို့ရဲ့စာကို မတ်လ ၂၂ ရက်နေ့က သမ္မတထံ ပို့ဆောင်ခဲ့ပြီး တစုံတရာ အကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။

ကျန်တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လျှပ်စစ်မီတာ တယူနစ်ကို ကျပ်ငါးဆယ်နှုန်းသာ ကျသင့်ပေမယ့် ရခိုင်ပြည်နယ်မှာ တယူနစ်ကို ကျပ်ငွေ (၅၀၀) ကနေ (၆၀၀) အထိ ပေးသုံးနေကြရတာကြောင့် လျှပ်စစ်မီးသုံးစွဲနိုင်ဖို့ အလှမ်းဝေးနေကြပါတယ်။

အစိုးရက ရခိုင်ကမ်းရိုးတန်းက အမြောက်အမြားထွက်မယ့် သဘာဝဓာတ်ငွေ့ တွေကို ပြည်ပကို တင်ပို့ရောင်းချဖို့ လုပ်ဆောင်နေချိန်မှာ  ရခိုင်ပြည်နယ်သားတွေကလည်း သူတို့ဒေသထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ကို သုံးစွဲခွင့်ရဖို့နဲ့ မီးရရှိရေး ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

သူတို့အဖွဲ့ရည်ရွယ်ချက်ဟာ ရခိုင်ပြည် မီးရရှိရေးအပြင် တနိုင်ငံလုံး သစ်တောပြုန်းတီးမှုကနေ ကာကွယ်နိုင်ရေးကိုပါ ရည်ရွယ်တယ်လို့ ဦးဘဂျမ်းဖြူက ပြောပါတယ်၊

“ဂက်စ်နဲ့ လျှပ်စစ်မီးရရှိရေးဆိုတာတော့ ကျနော်တို့ စိတ်ကူးထဲကဆိုရင် နံပါတ်တစ် အစီအစဉ်ပေါ့။ ဒုတိယပိုင်းအနေနဲ့ကတော့ ရခိုင်ပြည်နယ်မှာ သစ်တော သယံဇာတ မပြုန်းတီးဖို့အတွက် ရေရှည်သဘာဝ ဓာတ်ငွေ့ကို လောင်စာဆီအဖြစ် အသုံးပြုဖို့ပေါ့။ ပြီးတော့ ရခိုင်ပြည်နယ်က ထွက်တဲ့ဂက်စ်ကလည်း တကယ့်တကယ် တော်တော်များများ ထွက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အဲဒီတော့ မြန်မာတနိုင်ငံလုံး အတိုင်းအတာလည်း သုံးစွဲနိုင်တယ်ဆိုတဲ့ အနေအထား ရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ဆီမှာဆိုရင် လျှပ်စစ်မီးမရတာက တမျိုး၊ ထင်းမီးသုံးရတဲ့အတွက် သစ်တောပြုန်းတီးတာကတမျိုး ဖြစ်နေတော့ ကျနော်တို့ပတ်ဝန်းကျင်က တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ အဲဒါကြောင့် နိုင်ငံတော်ကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးပါလို့ ကျနော်တို့က တောင်းဆိုတာပါ။“

နေပြည်တော်နဲ့တကွ ကျန်တိုင်းနဲ့ ပြည်နယ်အသီးသီးလိုပဲ ရခိုင်ပြည်နယ်မှာလည်း မီးရဖို့ ရခိုင်အမတ်တွေရဲ့ တောင်းဆိုချက်ကို အစိုးရက မဟာဓာတ်အားလိုင်းမရှိလို့ပါလို့ အဖြေပေးထားပါတယ်။ ဒါကို လက်တွေ့ဆောင်ရွက်နိုင်အောင်  တာဘိုင်စက်နဲ့ လည်ပတ်ပြီး မီးရရှိရေးဆောင်ရွက်ဖို့ ကြိုးပမ်းချက်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013