တိုက်စစ်မှူး အောင်သူ ထိုင်းကလပ်တွင် ပြောင်းရွှေ့ကစားမည်

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ရတနာပုံတိုက်စစ်မှူး အောင်သူဟာ ထိုင်းအဆင့်မြင့်ဆုံးလိဂ်ဖြစ်တဲ့ ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းကို တနှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားမယ်လို့ သိရပါတယ်။ အောင်သူရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး Police Tero အသင်းပိုင်ရှင် မာကာနဲ့ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းတို့ဟာ နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အပြီးသတ်သဘောတူညီမှု ရရှိခဲ့တယ်လို့ ရတနာပုံအသင်း တာဝန်ရှိသူ ပြောပါတယ်။ အောင်သူအနေနဲ့ လစာအဖြစ် ထိုင်းဘတ် ၂ သိန်းခွဲ (မြန်မာငွေ သိန်း ၁၀၀ ခန့်) ရရှိမယ်လို့ သတင်းထွက်နေပြီး အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနဲ့ တွေ့ဆုံပြီးမှ အသေးစိတ် သတင်းထုတ်ပြန်နိုင်မယ်လို့ အသင်းတာဝန်ရှိသူက ဆိုပါတယ်။ ဘန်ကောက်အခြေစိုက် ကလပ်ဖြစ်တဲ့ Police Tero အသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်း ၁၈ သင်းပါဝင်တဲ့ ထိုင်းလိဂ်မှာ အဆင့် ၁၄ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ထိုင်းလိဂ်မှာ လာမယ့်ဘောလုံးရာသီကစတင်ပြီး နိုင်ငံခြားသား ကစားသမား ၅ ယောက်မှာ တယောက်က အာဆီယံဒေသတွင်းနိုင်ငံက ကစားသမားတဦး ဖြစ်ရမယ်လို့ စည်းမျဉ်းသတ်မှတ်ထားပြီး တခြား အာဆီယံကစားသမားတွေလည်း ထိုင်းလိဂ်မှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

More News
Up