ပနားမားတွင် မူးယစ်ဆေး ဖမ်းဆီးမိမှု စံချိန်တင်အဆင့် ရောက်တော့မည်

ဓာတ်ပုံ - ရိုက်တာ
ပနားမားနိုင်ငံဟာ တရားမဝင် မူးယစ်ဆေးကို ဒီနှစ်ထဲမှာ စံချိန်တင်ဖမ်းမိတဲ့ အဆင့်ကို ရောက်တော့မယ်လို့ အရာရှိတွေက နိုဝင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။ ကိုကင်းထုတ်လုပ်မှုမှာ နာမည်ကြီးတဲ့ ကိုလံဘီယာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ပနားမားနိုင်ငံထဲမှာ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်အတွင်း ကိုကင်း ၂ တန် သိမ်းဆည်းရမိခဲ့တာပါ။ ၂၀၁၇ တနှစ်တည်းမှာ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေး စုစုပေါင်းဟာ မနှစ်က တနှစ်စာစံချိန်ကို ကျော်တက်မယ်လို့ မျှော်လင့်ထားတယ်၊ မနှစ်က မူးယစ်ဆေး ၇၉ တန် သိမ်းဆည်းရမိခဲ့တယ်လို့ လုံခြုံရေးဝန်ကြီး အလက်ဆစ် ဘေသန်ကို့က သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေက အကူအညီတွေနဲ့ ဒေသခံ ဥပဒေ အာဏာတည်စေရေး အဖွဲ့တွေကြား ပိုကောင်းကောင်း ညှိနှိုင်းဆောင်ရွက်မှုကြောင့်လို့ သူက ဆက်ပြောပါတယ်။ ကိုလံဘီယာနိုင်ငံက လှေတစီး နယ်စပ်က ဒါရီယန်မြို့ကို သီတင်းပတ်ကုန်ရက်က ဆိုက်ကပ်လာချိန်မှာ မူးယစ်ဆေးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသား နယ်စပ်အေဂျင်စီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကိုလံဘီယာအစိုးရနဲ့ မာ့က်စ်ဝါဒီ ဖားသူပုန်တွေကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကြောင့် ပနားမားနိုင်ငံအတွင်း အကြမ်းဖက်မှုတွေနဲ့ မူးယစ်ကုန်ကူးမှုတွေ ပိုတိုးလာတယ်လို့ ပနားမားသမ္မတ ဟွမ် ကားလော့စ် ဗာရေလာက အရင်က မကျေမနပ် ပြောခဲ့ဖူးပါတယ်။

More News
Up