ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ တွေ့ဆုံမည်
နေသွင်
·
April 9, 2012
ရခိုင်ပြည်နယ် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် ရန်ကုန်ကို ရောက်နေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လာမယ့် ဧပြီ ၁၁ ရက်နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်တဲ့ ရခိုင်ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အပတ်က စစ်တွေမှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးနိုင်ခဲ့ပါတယ်။
ဧပြီ ၁၁ ရက် တွေ့ဆုံမှုဟာ နှစ်ပေါင်း ၄၀ ကျော်ကြာ နယ်စပ်မှာ လက်နက်ကိုင် လမ်းစဉ်ကိုင်စွဲထားတဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံမှုဖြစ်လာဖို့ ရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေက အများအားဖြင့် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၈ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ရန်ကုန်က သူ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။
အလားတူ ဖေဖော်ဝါရီလအတွင်းကလည်း ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ အဖွဲ့ကိုလည်း ရန်ကုန်နေအိမ်မှာပဲ လက်ခံတွေ့ဆုံခဲ့ပါတယ်။