Home
ဆောင်းပါး
ဘင်္ဂလားဒေ့ရှ်က ရခိုင်ဒေသ အာဆာလှုပ်ရှားမှုကို အထောက်အကူပြုပုံ
DVB
·
November 21, 2017
(မှတ်ချက် - မူရင်းဆောင်းပါးပါ ရိုဟင်ဂျာဆိုသော ဝေါဟာရအစား စစ်တကောင်းနယ်သား ဘင်္ဂါလီဟု သုံးနှုန်းထားပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်စိုးစဉ်က သန်းခေါင်စာရင်း ကောက်ယူရာတွင် အင်္ဂလိပ်အစိုးရ ခေါ်သွင်းလာသည့် ထိုသူတို့ကို စစ်တကောင်းသားများ (Chaitagonians) ဟုသာ ခေါ်ဝေါ်သုံးနှုန်းခဲ့ခြင်းကြောင့် ဖြစ်ပါသည်။) ဆော်ဒီအာရေးဗျတွင် အခြေချနေသော စစ်တကောင်းနယ်သား ဘင်္ဂါလီ အုပ်စုတစုသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ အခြေအနေနှင့် ၎င်းဒေသနှင့် ဆက်စပ်နေသည့် စစ်တကောင်းနယ်သား ဘင်္ဂါလီအများအပြား အခြေချနေထိုင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားရှိ အခြေအနေတို့ကို အခွင့်ကောင်းယူရန်အတွက် ၂၀၁၀ ခုနှစ် နှောင်းပိုင်းက တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ ရန်ပုံငွေရရှိရန် သူတို့က အရှေ့အလယ်ပိုင်းနှင့် မလေးရှားတို့ရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် ပရဟိတ အဖွဲ့အစည်းများထံမှ ကောက်ခံတောင်းယူခဲ့ကြသည်။ ထိုအစည်းအဝေးက ထွက်ပေါ်လာသည့် ရလဒ်မှာ ရခိုင်နှင့် ပါကစ္စတန်နိုင်ငံ ကရာချိတို့မှ လာသူများဆိုသည့် စစ်တကောင်းနယ်သား ဘင်္ဂါလီများထဲမှ လူ ၄၀ ပါဝင်သည့် ကော်မတီကို ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူမှာ ဆော်ဒီအခြေစိုက် ဘာသာရေးဆရာ အတူလာ အဘူ အမ္မာ ဂျွန်ဂျူနီ (ခေါ်) ဟာဖစ်ဇ် တိုဟာ (Ataullah Abu Ammar Junjuni alias Hafiz Tohar) ဖြစ်သည်။ တိုဟာကို ၁၉၆၀ ခုနှစ်များအတွင်းက ရခိုင်ဒေသမှ ရွှေ့ပြောင်းနေထိုင်သော မိဘများမှ ကရာချိတွင် မွေးဖွားသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ယုံကြည်ရသော သတင်းအရင်းအမြစ်တခု အဆိုအရ တိုဟာမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း သတင်းပျောက်သွားခဲ့သော်လည်း ပါကစ္စတန်တွင် လူ ၄၀ ပါ တပ်ဖွဲ့ကို လေ့ကျင့်သင်တန်းပေးသည့်အခါ ပြန်ပေါ်လာသည်။ သူ့ကို ပါကစ္စတန်၏ ပြည်ပထောက်လှမ်းရေးအေဂျင်စီ၊ အင်တာဆားဗစ်အင်တဲလီးဂျင့် (ISI) နှင့် ဟာရကတ်-အူလ်-ဂျီဟတ်-အယ်လ်-အစ္စလာမီ အာရကန် (Harakat-ul-Jihad-al-Islami Arakan) ဆိုသည့် အဖွဲ့များက ထောက်ပံ့ ကူညီကြသည်ဟု သတင်းများ မကြာမကြာ ရရှိခဲ့သည်။ ဟာရကတ်-အူလ်-ဂျီဟတ်-အယ်လ်-အစ္စလာမီ အာရကန်ဆိုသည့် အဖွဲ့မှာ ၁၉၈၀ ခုနှစ်များအတွင်းက လက်ရှ်ကာ-အီ-တေရာဘာ (Lashkar-e-Tayyaba) နှင့် ISI တို့၏ တောင်းဆိုတိုက်တွန်းချက်အရ ပါကစ္စတန်သို့ပြေးလာသော စစ်တကောင်းနယ်သား ဘင်္ဂါလီတယောက်ဖြစ်သူ မော်လန်နာ အဘ်ဒူလ် ကျူဒတ်စ် (Maulana Abdul Quddus) ဆိုသူက တည်ထောင်ခဲ့သည့်အဖွဲ့ ဖြစ်သည်။ လေ့ကျင့်ရေးသင်တန်းများ ပြီးဆုံးသောအခါ (Arakan Rohingya Salvation Army-ARSA) အာဆာဟု လူသိများသော (Harakah al-Yakin) ဟာရကက်-အယ်လ်-ရာကင်း အဖွဲ့ ပေါ်ထွန်းလာခဲ့သည်။ ထိုအဖွဲ့၌ မလေးရှား၊   ထိုင်း စသည့်နိုင်ငံများတွင် ပြန့်ကြဲရောက်ရှိနေသည့် စစ်တကောင်းနယ်သား ဘင်္ဂါလီများ ပါဝင်သည်။ သတင်းရင်းမြစ်များ အဆိုအရ ရခိုင်ရှိ လှုပ်ရှားမှုများအတွက် ရန်ပုံငွေနှင့် လက်နက်ခဲယမ်းမီးကျောက် အဆက်မပြတ် ရရှိရန်လိုအပ်ကြောင်း တိုဟာက ခပ်စောစောကပင် သဘောပေါက် နားလည်ထားခဲ့သည် ဆို၏။ မြန်မာနှင့်ဆက်စပ်နေသော စစ်တကောင်းနယ်သား ဘင်္ဂါလီများနေထိုင်ရာ ထိုင်းနိုင်ငံ မဲဆောက်နှင့် ဘင်္ဂလားဒေ့ရှ် ကောက်ဘဇားဒေသမှ အထောက်အပံ့တချို့ ရရှိသည်။ သို့သော် ကောက်စ်ဘဇားဒေသသည် မဲဆောက်ဒေသထက် ပိုမို၍ အခွင့်သာသည့် အချက်များရှိသည်။ ထိုဒေသတွင် ယဉ်ကျေးမှုနှင့် ဘာသာစကားတူညီသည့် စစ်တကောင်းနယ်သား ဘင်္ဂါလီ အများအပြားနေထိုင်ပြီး မကျေမနပ်ဖြစ်နေသော ပုန်ကန်တိုက်ခိုက်လိုစိတ် ပြင်းပြသည့် စစ်သွေးကြွအုပ်စုများက အဆိုပါအဖွဲ့များကို ကူညီလက်တွဲရန် အဆင်သင့်ရှိနေကြ၍ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (Bangladesh Nationalist Party -BNP) ပါတီနှင့် ဘင်္ဂလားဒေ့ရှ် ဂျမတ်-အီ-အစ္စလာမီ ( Bangladesh Jamaat-e-Islami ) ပါတီတို့ကဲ့သို့ ဒေသဆိုင်ရာ နိုင်ငံရေးပါတီများကလည်း စစ်တကောင်းနယ်သား ဘင်္ဂါလီ လူမှုအဖွဲ့အစည်းနှင့် ပိုမိုနီးကပ်လာစေရေးနှင့် ကူညီထောက်ပံ့ရေးတို့ကို စတင်ဆောင်ရွက်လာနေပြီဟု သတင်းများက ဆိုလေသည်။ အာဆာအတွက် မြေသြဇာကောင်းတဲ့နေရာ ကောက်စ်ဘဇားတွင် အာဆာ စတင်လုပ်ကိုင်ရမည့် လုပ်ငန်းများကို ၁၉၈၂ ခုနှစ်က တည်ထောင်ခဲ့သော စစ်တကောင်းနယ်သား ဘင်္ဂါလီ စည်းလုံးညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organisation – RSO) နှင့် (Arakan Rohingya Islamic Front) ရခိုင်ဒေသ စစ်တကောင်းနယ်သား ဘင်္ဂါလီ အစ္စလာမ္မစ်တပ်ဦး၊ ရခိုင် စစ်တကောင်းနယ်သား ဘင်္ဂါလီ အမျိုးသားအစည်းအရုံး (Arakan Rohingya National Organisation) စသည်တို့က လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ ၁၉၉၀ ခုနှစ် ခပ်စောစောပိုင်းနှစ်များက RSO သည် (ဘင်္ဂလားဒေ့ရှ် ဂျမတ်-အီ-အစ္စလာမီ (Bangladesh Jamaat-e-Islami) ကဲ့သို့သော အဖွဲ့များနှင့် ပူးပေါင်းပြီး အူခီယာ (Ukhia) တွင် လေ့ကျင့်ရေးစခန်းများ တည်ထောင်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးသတင်းရင်းမြစ်များက ဆိုလေသည်။ ဒေသတွင်းတွင် ကွမ်မီ မဒါဆာစ် (Qaumi madarsas) ထွက်ပေါ်လာပြီး လှုပ်ရှားမှုတွင် တပ်ဦးမှ ပါဝင်ခဲ့သည်။ ဤလှုပ်ရှားမှုများကို အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှရှိ အစ္စလာမ္မစ် NGO များ အပါအဝင် နိုင်ငံခြားရောက် စစ်တကောင်းနယ်သား ဘင်္ဂါလီ ကွန်ရက်များက ငွေကြေးထောက်ပံ့ကူညီသည်။ ဆော်ဒီအာရေးဗျတွင် အခြေစိုက်သော အယ်လ်-ဟာမိန်း အယ်လ်-ခိုင်ရီယာ (Al-Harmain Al-Khairia)၊ ယူအေအီးနိုင်ငံမှ အယ်လ်-ဖူဂျိုင်ရီယာ လူမှုဖူလှုံရေး အဖွဲ့အစည်း (Al Fujairia Welfare Association) နှင့် တခြားအဖွဲ့မျိုးစုံက ရခိုင်ဒေသအပေါ် အာရုံစိုက်လာကြပြီး မဒါဆာစ်အဖွဲ့များသို့ ထောက်ပံ့ကူညီလာကြကြောင်း သတင်းများက ဆိုလေသည်။ စစ်တကောင်း (Chittagong) ရှိ RSO တက်ကြွလှုပ်ရှားသူဟောင်း တဦးက ယခုသတင်းထောက်ကို ပြောပြရာတွင် အာဆာအဖွဲ့သည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွအဖွဲ့ငယ်လေးများနှင့်လည်း ခိုင်မာသော အဆက်အသွယ်များ ရှိသည်ဆိုသည်။ “ကျနော်တို့က လေ့ကျင့်ရေးနဲ့ စစ်လက်နက်ပစ္စည်း အကူအညီ အထောက်အပံ့တွေ လက်ခံရရှိခဲ့ပေမယ့် ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို ဒီထက်ပိုမိုကောင်းမွန်လာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒီနေရာမှာ တိုဟာနဲ့ ကျနော်တို့ ခြားနားသွားတဲ့အချက်ပဲ။ သူက အရင်အသုတ်ဟောင်းတွေထက် ဒေသတွင်းက အမာခံအများအပြားကို ပိုမို ယုံကြည်လက်ခံလာအောင် အယုံသွင်းနိုင်ခဲ့တယ်။ အာဆာရဲ့ တပ်သားရေသောက်မြစ်က ၁၉၉၄ ခုနှစ်နဲ့ ၂၀၁၂ အကြားမှာ ကောက်ဘဇားကို ရောက်လာကြတဲ့ ဒုက္ခသည်အသုတ်တွေထဲကပဲ” ဟု ဆိုလေသည်။ ကောက်စ်ဘဇား ဘယ်လူခါလီတွင်ရှိသော စစ်တကောင်းနယ်သား ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ လူတချို့က ပြောပြသည်မှာ တက္ကနဖ်တွင် တိုဟာ ပေါ်လာခဲ့သည်မှာ ၂၀၁၃ ခုနှစ်ကဟုဆိုသည်။ သူသည် ကောက်စ်ဘဇားရှိ ထင်ရှားသော ခေါင်းဆောင်များတွင် ပါဝင်ပြီး အဖွဲ့အစည်းသစ်ကို အခြေခံအုတ်မြစ် ချနိုင်သူနှင့် လှုပ်ရှားမှုကို ရခိုင်ဒေသသို့တိုင် တိုးချဲ့နိုင်သူဖြစ်သည်ဟု သတင်းများအရ သိရလေသည်။ ခေါင်းဆောင်အဖွဲ့တွင် မော်လဝီ ရှာဖီကွာ ရာမန် (Maulavi Shafiqur Rahman) နှင့် အဘူဆလား (Abu Saleh) တို့လည်း ပါဝင်သည်။ ၎င်းတို့မှာ တပ်သားသစ်စုဆောင်းခြင်း၊   ရခိုင်ရှိ လျှို့ဝှက်မြေအောက်ဆဲလ်များနှင့် ဆက်သွယ်ခြင်းနှင့် စစ်လက်နက်ပစ္စည်းများ၊   ဗုံးများထုတ်လုပ်ရန် အစိတ်အပိုင်းများ အဆက်မပြတ် အထောက်အပံ့ရရှိရေး ကိစ္စများကို တာဝန်ယူရသည်။ ရာမန်သည် လက်ရှိအားဖြင့် မြေအောက်တွင် လှုပ်ရှားနေသော်လည်း ထောက်လှမ်းရေးရင်းမြစ် သတင်းများအရ လှုပ်ရှားမှုများအားလုံးကို သူပုန်းအောင်းနေရာ အဝေးမှ ထိန်းချုပ်နေပုံရသည် ဆိုသည်။ လက်နက်ခဲယမ်းမီးကျောက် နည်းပါးမှု လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ရာမစ်ဇ်နှင့် မော်လဝီ ကာရီမူလာတို့ နှစ်ဦးသည် ကောက်စ်ဘဇားတွင် ဗုံးထုတ်လုပ်သည့်ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားနှစ်စီးနှင့်အတူ အဖမ်းဆီးခံရသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ စစ်ဆေးချက်များအရ အဆိုပါထရပ်ကားများမှာ ရခိုင်ဒေသသို့ ဦးတည်သွားနေသော စစ်တကောင်းနယ်သား ဘင်္ဂါလီ ထိပ်တန်းခေါင်းဆောင်တဦး ပိုင်ဆိုင်ကြောင်း ဖြောင့်ချက်ပေးသည် ဆို၏။ အဆိုပါနှစ်ယောက်မှာ အဖမ်းခံရသော်လည်း နောက်ပိုင်းတွင် ရဲနှင့် ဒေသဆိုင်ရာ တရားရေးကို ငွေအမြောက်အမြားပေးကာ အာမခံရပြီး လွတ်သွားသည်ဆိုသည်။ ရခိုင်ဒေသရှိ ကေဒါများအနေဖြင့် ဗုံးများလိုအပ်ခြင်းမှာ စစ်လက်နက်ပစ္စည်း ရှားပါးပြတ်လပ်မှုကြောင့် ဖြစ်သည်။ ကောက်စ်ဘဇား မဟီရှက်ခါလီရှိ တရားမဝင် လျှို့ဝှက်နေရာများတွင် လက်လုပ်ပစ္စတိုများ လုပ်ကိုင်ကာ နယ်စပ်ကိုဖြတ်၍ ရခိုင်ဘက်သို့ ပို့ပေးလျက်ရှိသည်။ သို့သော်လည်း အရေအတွက်မှာ အလွန်နည်းပါးပြီး အရည်အသွေးမှာလည်း မြန်မာ့လုံခြုံရေးတပ်ဖွဲ့များကို ရင်ဆိုင်နိုင်စွမ်း မရှိကြချေ။   ခဲယမ်းမီးကျောက်များလည်း ရှားပါးနေသဖြင့် ခေတ်မီလက်နက်ခဲယမ်းမီးကျောက်များ ရရှိရေးမှာ ပိုမို အသည်းအသန် ဖြစ်လာနေလေသည်။ အလုံခြုံစိတ်အချရဆုံးမှာ ကောက်စ်ဘဇား တနေရာရာတွင် အနည်းအကျဉ်း စုပုံထားပြီး ရခိုင်ဒေသသို့ ကုန်းတွင်းပိုင်း လမ်းကြောင်းများမှ ခိုးသွင်းရန်ဖြစ်သည်။ လုံခြုံရေးဆိုင်ရာကိစ္စများကို လေ့လာသုံးသပ်သူ အန်သိုနီ ဒေးဗစ်က “လွန်ခဲ့တဲ့ အောက်တိုဘာလကတည်းက ရခိုင်တပြည်နယ်လုံးကို မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေက လုံခြုံရေး တင်းကျပ်လိုက်တဲ့အတွက် ARSA - အာဆာတွေဆီကို လက်နက်ခဲယမ်းတွေ ရောက်လာတာက မြန်မာနိုင်ငံအတွင်းပိုင်းကထက် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းကို ဖြတ်လာတာက ပိုဖြစ်နိုင်ဖို့များတယ်” ဟုဆိုသည်။ လွန်ခဲ့သော လအနည်းငယ်က ကောက်စ်ဘဇားရှိ ကမ်းခြေရှည် တနေရာရာတွင် လက်နက်ခဲယမ်း အရည်အတွက် နည်းနည်းစီ နှစ်သုတ်ကို တင်သွင်းခဲ့သည်ဟုလည်း အတည်မပြုနိုင်သော သတင်းများက ဆိုသည်။ ၂၀၀၄ ခုနှစ်က စစ်တကောင်းတွင် လက်နက်များ အသိမ်းဆည်းခံလိုက်ရပြီးနောက် သေနတ်ကုန်သည်များသည် အလွန်သတိထားလာကြသည်။ ထိုစဉ်က အဆိုပါလက်နက်များမှာ အာသံ ညီညွတ်သော လွတ်မြောက်ရေးတပ်ဦး (United Liberation Front of Asom) နှင့် အိန္ဒိယ အရှေ့မြောက်ဒေသရှိ အခြားသော သူပုန်တပ်ဖွဲ့များအတွက် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ဂျမတ်-အီး-အစ္စလာမီ အဖွဲ့ခေါင်းဆောင်၊ ထိုစဉ်က စက်မှုလက်မှုဝန်ကြီး မိုတီယား ရာမန် နီဇာမီ (Motiur Rahman Nizami) နှင့် ပြည်ထဲရေးဝန်ကြီးဟောင်း လူဖိုဇမန်း ဘာဘာ (Lutfozzaman Babar) တို့ အပါအဝင် ၁၄ ဦးသည် ထိုမှောင်ခိုတင်သွင်းမှုအတွက် သေဒဏ် အပြစ်ပေးခြင်း ခံကြရသည်။ သင့်တော်သည့် ကမ်းခြေနေရာကောင်း တခုခုဆီသို့ ပင်လယ်ပြင်အတွင်း ခပ်လှမ်းလှမ်းတနေရာတွင် သင်္ဘောများပေါ်မှ ငါးဖမ်းလှေများဖြင့် ကဲ့ယူချခဲ့သည့် နေ့ရက်များမှာ ကုန်လွန်သွားကြပြီဖြစ်သည်။ ကောက်စ်ဘဇားရှိ ယူခီယာနှင့် တက္ကနဖ်မှ လာသည့် လမ်းကြောင်းများထွက်ရာ ပင်လယ်ပြင်တလျှောက်တွင် ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောများ ကင်းလှည့်နေသည်ကို ပုံမှန်တွေ့မြင်နိုင်သည်။   လက်နက်များ မရရှိသည့်အတွက် အာဆာတို့သည် သူတို့၏ တိုက်ခိုက်ရေးသမား အများစုကို သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုမတိုင်မီက ကောက်စ်ဘဇားမှ တင်သွင်းလာသော ဗုံးသုံးလုံးစီနှင့် ဓါးမကြီးကြီးတလက်တို့ကိုသာ တပ်ဆင်ပေးနိုင်သည်။ ဆုတ်ခွာရန် နေရာကောင်း ရခိုင်ဒေသရှိ မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ထိုးနှက်တိုက်ခိုက်မှုကြောင့် အာဆာကေဒါများမှာ တပ်မတော်လည်း မရောက်နိုင်၊ ကောက်စ်ဘဇားရှိ တက္ကနဖ် ဒုက္ခသည်စခန်းများနှင့်လည်း ဝေးရာသို့ ဆုတ်ခွာကြရသည်။ အထူးသဖြင့် ယူခီးယာနှင့် တက္ကနဖ်အကြား ကီလိုမီတာ ၄၀ ခန့်ကျယ်ပြန့်ပြီး ရှား ပိုရီ ဒစ် (Shar Porir Dip) အထိရောက်သော နယ်မြေထဲတွင် ပုန်းခိုရန် စစ်သွေးကြွများ သဘောကျပေလိမ့်မည်။   အကြောင်းမှာ ထိုနေရာတွင်ရှိသော ပုလိပ်နှင့် တက္ကနဖ် လမ်းမကြီးများပေါ်ရှိ ပြည်သူ့စစ်တို့မှာ ယူခီးယာမှာထက် နည်းပါးသောကြောင့် ဖြစ်လေသည်။ နာယာပါရာဟုခေါ်သော ရွှေ့ပြောင်းလာသူတယောက်က မပြောချင်ပြောချင်ဖြင့် ဝန်ခံရာတွင် လွန်ခဲ့သောနှစ် အောက်တိုဘာလ ၉ ရက်နေ့က ရဲစခန်းများကို ဝင်စီးသည့်တိုက်ပွဲ မတိုင်မီက မောင်တောအနီးရှိ အလက်ကင် “Alekin” (Harakah al-Yakin, or ARSA) စည်းရုံးသည့် စခန်းများတွင် လေ့ကျင့်ရေးသင်တန်းများ တက်ရောက်ခဲ့ရကြောင်း The Wire သတင်းဌာနသို့ ပြောကြားလေသည်။ ထိုသင်တန်းရှိ လေ့ကျင့်ရေးမှူးများမှာ တက္ကနဖ်မှဖြစ်ကြပြီး နယ်စပ်မျဉ်းတလျှောက် ဟိုဝင်ဒီထွက် သွားလာလှုပ်ရှားနေသူများ ဖြစ်သည်ဆိုသည်။ သူပြောကြားသည့်အထဲတွင် အလယ်အလတ် ကေဒါတချို့သည် ဗုံးနှင့် လက်နက်များရရန်အတွက် ကောက်စ်ဘဇားသို့ မကြာခဏ သွားရောက်ကြမှုများရှိသည်ဟု ဆိုသည်။ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ မြန်မာ့တပ်မတော်သည် ရခိုင်ဒေသရှိ မေယုတောင်တန်းဒေသကဲ့သို့ အာဆာကေဒါများ ပုန်းခိုရာ လိုဏ်ဂူများတူးထားသော နေရာများကို စစ်ဆင်ရေးမပြုလုပ်ဘဲ ရှောင်ရှားခဲ့ကြသည်ဆို၏။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် တပ်မတော်က အာဆာအဖွဲ့အား လက်လွှတ်ကာ နောက်ပြန်ဆုတ်သွားလိမ့်မည်တော့ မဟုတ်ချေ။ လွန်ခဲ့သော ရာစုနှစ်များစွာကတည်းကပင် တပ်မတော်သည် အခြားသော သူပုန်တပ်ဖွဲ့များကို တောက်လျှောက် စစ်ဆင်ရေးများ ပြုလုပ်လာခဲ့ကြသည်။ သို့ဖြစ်၍ ပဋိပက္ခ ရေရှည်ဖြစ်ပွါးလာလျှင် သူပုန်အများအပြားမှာ တက္ကနဖ်နယ်မြေနှင့် နောက်ကျောဘက်ဆီသို့ တစိမ့်စိမ့် ဝင်ရောက်လာကြဖွယ်ရှိ-မရှိ တတ်အပ်မပြောနိုင်သေးချေ။ ရာဂျစ် ဘာတာချာယား ရေး၍ ရဲထွန်း (သီပေါ) မြန်မာပြန်သည်။ အထက်ဖော်ပြပါဆောင်းပါးမှာ ၁၀-၁၁-၂၀၁၇ ရက်စွဲဖြင့် The wire အင်တာနက်စာမျက်နှာပေါ်ရှိ ဂျာနယ်လစ် Rajeev Bhattacharyya ရေးသားသော How Bangladesh’s Cox’s Bazar Contributed to ARSA’s Movement in Myanmar’s Rakhine ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ (ရာဂျစ် ဘာတာချာယား (Rajeev Bhattacharyya) သည် ဂူဝါဟတီအခြေစိုက် ဂျာနယ်လစ်တယောက်ဖြစ်ပြီး Rendezvous With Rebels ဆိုသည့် အိန္ဒိယက အလိုအရှိဆုံး အရှေ့မြောက်သူပုန်များနှင့် သွားရောက်တွေ့ဆုံပုံအကြောင်း စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်သည်။ ဤဆောင်းပါးရေးသူနှင့် သူ၏ The Wire သတင်းအဖွဲ့ကို ၎င်းတို့၏ လုံခြုံရေးအတွက် ညနေ ၄ နာရီနောက်ပိုင်း ဒုက္ခသည်စခန်းအတွင်း မနေကြရန် သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးက သတိပေးသည်ဟု သိရပါသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024