မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးရန် ထွက်ခွာ
နန်းမြနဒီ
·
April 9, 2012
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ အစိုးရငြိမ်းချမ်း ရေးကိုယ်စားလှယ်တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ ဌာနချုပ် ရေးချောင်းဖျားကနေ မနေ့က ထွက်ခွာသွားပါတယ်။
မွန်ပြည်သစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်အောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုး ရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဧပြီ ၁၀ ရက်မှာ တွေ့ဆုံကြမယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
အရင်တခေါက် အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးတုန်းက နောက်ထပ် ၄၅ ရက်ကြာ ရင် နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ သဘောတူညီချက်အရ ဆက်ပြီးဆွေး နွေးတာလို့ မွန်ပြည်သစ်ပါတီ မဟာမိတ်နဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောပါတယ်။
“ကျနော်တို့ ၄၅ ရက်အတွင်း စကားပြောဖို့ အဲဒီအတွက်သွားတာ၊ ဒီတခါတော့ တပ်တွေနေရာချထားဖို့ကိစ္စတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ ၂ ယောက် ကျန်သေးတယ်။ ယက္ခနဲ့ နိုင်မျိုးထွေး၊ ထောက်လှမ်းရေး ခေတ်တုန်းက ထောင်ချောက်မိပြီး နိုင်ငံတော် လုပ်ကြံမှုပေါ့။ အဲဒီအမှုနဲ့ ဆွဲခံ ထားရတာ၊ ၇ နှစ်ရှိပြီ။”
ဒီတကြိမ်ဆွေးနွေးပွဲဟာ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးပွဲလည်းဖြစ် သလို ပြည်နယ်တွင်း နေရာချထားရေးကိစ္စတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးရာမှာလည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ မူဝါဒအတိုင်း ဆွေးနွေးသွားမယ်လို့ နိုင်ဟံသာဗွန်ခိုင်က ပြောပါတယ်။
ယူအန်အက်ဖ်စီမူအရ အဖွဲ့ဝင်တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို တဖွဲ့ချင်း ဆွေး နွေးပြီး နိုင်ငံရေးကိစ္စကိုတော့ တဖွဲ့လုံးအနေနဲ့သာ ဆွေးနွေးဖို့ မူဝါဒချမှတ် ထား တာပါ။
အပစ်အခတ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် မွန်ပြည်သစ် ပါတီဟာ အစိုးရကိုယ်စားလှယ်တွေနဲ့ ၄ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး မော်လမြိုင်၊ သံဖြူဇရပ်၊ ဘုရားသုံးဆူ၊ ရေး စတဲ့ မြို့နယ် တွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ဆက်ဆံရေးရုံးဟောင်း၊ ရုံးသစ်တွေ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။