အောင်လံမြို့မရဲစခန်းတွင် တရားခံ ၂ ဦး အချုပ်ခန်းဖောက်ထွက်ပြေး
DVB
·
November 20, 2017
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ မြို့မရဲစခန်းမှာ အချုပ်သား ၂ ဦး ဒီနေ့ မနက်ပိုင်းက အချုပ်ခန်း အမိုးမျက်နှာကြပ် သံဇကာကို တွန်းလှန်ဖောက်ပြီး ထွက်ပြေး လွတ်မြောက်သွားပါတယ်။
အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး ထင်ကျော်က “အောင်လံမြို့မရဲစခန်း အချုပ်ခန်းဟာ နှစ်ပေါင်းရာကျော် သက်တမ်းရှိပြီဖြစ်တဲ့အတွက် ဆွေးမြေ့နေတဲ့ မျက်နှာကြက် သံဇကာ၊ အမိုး အုပ်ကြွပ်တို့ကို တွန်းလှန်ပြီး ထွက်ပြေးသွားတာ ဖြစ်တယ်။ ခိုးမှုနဲ့ ချုပ်နှောင်ထားတဲ့ တရားခံတွေ ဖြစ်တယ်။ ရခိုင်ပြည်နယ်မြောက်ဦးမြို့က သန်းဇော်ထွေး(ခ) ကြည်ခိုင်နဲ့ အောင်လံမြို စက်ရုံရပ်ကွက် ရွာမ (၁) လမ်းက ကျော်စိုး(ခ) ကျော်ဇေယျ တို့ဖြစ်တယ်။” လို့ ပြောပါတယ်။
ခုလို တရားခံတွေလွတ်မြောက်သွားတာနဲ့ပတ်သက်လို့ တာဝန်မှူး ရဲအုပ် ကျော်မျိုးသွင်နဲ့ ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၇ ဦးတို့ကို တာဝန်ပေါ့ဆတဲ့အတွက် ရဲစည်းကမ်းထိမ်းသိမ်းရေး ဥပဒေနဲ့အရေးယူဖို့ အောင်လံ မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့လည်းပြောပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံတွေကို အမြန်ဆုံး ပြန်လည်ဖမ်းဆီးနိုင်ဖို့ ကားဂိတ်၊ ဘူတာ၊ ဆိပ်ကမ်းတွေမှာ ပိတ်ဆို့ရှာဖွေနေပြီး အောင်လံမြို့နယ် အတွင်းရှိ ရဲစခန်း၊ ရဲကင်းတွေနဲ့ နီးစပ်ရာ မြို့နယ်ရှိ ရဲစခန်းတွေကို ဆက်သွယ် အကြောင်းကြားထားပါတယ်။
သတင်း-မင်းထီး