၂၀၁၆ခုနှစ်အတွက် အမျိုးသားစာပေဆုများ ချီးမြှင့်
DVB
·
November 20, 2017
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုကို ဆရာကြီး ဦးသာနိုး (မောင်သာနိုး)၊ ဆရာကြီး ဦးသိန်းသန်းထွန်း (သိန်းသန်းထွန်း) နဲ့ ဆရာကြီးဦးကျော်ဝင်း (ညိုဝင်း) တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနဲ့ စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲကို မနေ့က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
အမျိုးသားစာပေ တသက်တာဆုကို ဒုသမ္မတ ဦးမြင့်ဆွေက ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒုသမ္မတ ဦးမြင့်ဆွေက “၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသည့် စာရေးဆရာစာပေပညာရှင် သုံးဦး ပေါ်ထွက်လာသည်ကိုတွေ့ရကြောင်း၊ အဆိုပါစာပေပညာရှင်ကြီးများသည် မိမိဘ၀ကို စာပေထဲတွင်နစ်မြုပ်ပြီး စာရေးဆရာဘ၀ တခုတည်းကိုသာ ယုံယုံကြည်ကြည် ရွေးချယ်ခဲ့ကြသည့်သူများ ဖြစ်ကြပါကြောင်း၊ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ်များကို ကြည့်မည်ဆိုလျှင်လည်း အမျိုးသားစာပေဆုနှင့် ထိုက်တန်သည့်သူများ၊ ထိုက်တန်သည့် စာအုပ်များဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့၏ သုံးသပ်ချက်များအရ တွေ့ရှိရပါကြောင်း၊ ထို့အတူ စာပေဗိမာန် စာမူဆုတွင်လည်း ကလောင်နုများကအစ ကလောင်လတ်၊ ကလောင်ရင့်များအထိ ဆုရကြသည်ကို တွေ့ရပါကြောင်း၊ ယင်းကလောင်ရှင်များ၏ ဆုရစာမူများသည်လည်း စာပေအဆင့်အတန်းမီကြသူများဖြစ်သည်ဟု ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားပါကြောင်း၊ မိမိအနေနှင့် ဆုရသူများအားလုံးကို ၀မ်းမြောက်ဝမ်းသာချီးကျူး ဂုဏ်ပြုအပ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်တွေ၊ ဆုရွေးချယ်ရေးကော်မတီတွေ၊ ဆုရစာပေ ပညာရှင်ကြီးတွေနဲ့မိသားစုဝင်များ၊ တက်ရောက်ခဲ့ကြပါတယ်။