ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ရက်က အစီရင်ခံစာထုတ်ပြန်
ရွှေအောင်
·
April 7, 2012
၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ရက်က အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပြီး ကွန်ရက်ရဲ့ သတင်းစာ ရှင်းလင်းပွဲကိုလည်း ရန်ကုန်မှာ ဒီနေ့ပြုလုပ်သွားခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ အမှတ် ၁ ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ပြန်လိုက်တာပါတယ်။
ကွန်ရက်ရဲ့ အစီရင်ခံစာဟာ ရွေးကောက်ပွဲ ကျင်းပအပြီး တပတ်အတွင်းမှာ အခြေခံကျတဲ့ အချက်အလက်တွေကို သတင်းမီဒီယာတွေကို ပေးတာဖြစ်ပြီး ဒီ့ထက်ပိုပြီးပြည့်စုံတဲ့ အစီရင်ခံစာကိုတော့ တလလောက် အချိန်ယူပြီးမှ ထုတ်ပြန်မှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
မြန်မာလိုထုတ်ပြန်လိုက်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှု အစီရင်ခံစာမှာ ၈ မျက်နှာ ပါရှိပြီး၊ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲနေ့၊ ရွေးကောက်ပွဲအလွန်၊ ဝေဖန်သုံးသပ်ချက် စသဖြင့် အခန်းကဏ္ဍအလိုက် ခွဲခြားတင်ပြထားတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ရက်ကို ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင်က ဖွဲ့စည်းခဲ့တာပါ။
လွတ်လပ်တဲ့အရပ်ဖက် လူ့အဖွဲ့အစည်းတရပ်အနေနဲ့ ရွေးကောက်ပွဲတွေ လွတ်လပ်မျှတပြီး ပြည်သူတွေ ပူးပေါင်းပါဝင်လာဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။