ဒုက္ခသည်အရေး နိုင်ငံတကာမပါဝင်ဘဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဖြေရှင်းရန် တရုတ်တိုက်တွန်း

ရိုဟင်ဂျာဒုက္ခသည် ပြဿနာကို နိုင်ငံတကာက ပါဝင်ဆောင်ရွက်မယ့်အစား ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ညှိနှိုင်းဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက  တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီပြဿနာမှာ ပါဝင်ပြီး အခြေအနေကို ရှုပ်ထွေးအောင် မလုပ်သင့်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူ ဆောင်ရွက်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အထောက်အကူ ဖြစ်စေရမယ်လို့  မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့   တရုတ်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ဒီပြဿနာရဲ့ အနေအထားဟာ သိပ်ကို ရှုပ်ထွေးတာမို့ ပြည့်စုံတဲ့အဖြေရဖို့ လိုအပ်သလို ရခိုင်ပြည်နယ်ဟာလည်း စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ဖို့ လိုနေတာမို့ တရုတ်ကကူညီဖို့ အသင့်ရှိနေကြောင်းလည်း ဝန်ကြီး ၀မ်ယီကပြောပါတယ်။ သတင်းစာရှင်းလင်းပွဲ မပြုလုပ်ခင် မနက်ပိုင်းမှာ ဝန်ကြီးဝမ်ယီဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ  နဲ့ တွေ့ဆုံပြီး ဒီပြဿနာ ဖြေရှင်ရေးမှာ တရုတ်က ကူညီမှာဖြစ်ကြောင်း ပြောခဲ့သလို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကလည်း မြန်မာဘက်က ဒုက္ခ သည်တွေကို ပြန်လည်ခေါ်ယူဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေလုပ်ဖို့ သူ့မြေကို ဘင်္ဂလားဒေ့ရှ်က ဘယ်တော့မှ သုံးခွင့်ပေးမှာမဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ကိုယ်ရေးအရာရှိ  ပြောကြားချက်ကို ရိုက်တားစ်သတင်းမှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အာလီကတော့ ဒီဒုက္ခသည်ပြဿနာဟာ နိုင်ငံအတွက် သိပ်ကြီးမားတဲ့ဝန် ဖြစ်နေတာမို့ မြန်မာနဲ့ နှစ်နိုင်ငံချင်းရော၊ နိုင်ငံတကာနဲ့ပါ ဖြေရှင်းဖို့ ကြိုးစားနေကြောင်း တရုတ်ဝန်ကြီး ၀မ်ယီကိုပြောခဲ့တာပါ။

More News
Up