
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ အောင်နိုင်မှုဟာ ပြည်သူလူထုတရပ်လုံးက အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီ ဆောင်ရွက်ချက်တွေကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြလို့ ဖြစ်တဲ့ အကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့နဲ့ အနိုင်ရ အဖွဲ့ချုပ်ကိုယ်စားလှယ် ၄၃ ဦးတို့ ဒီကနေ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာဖြစ်ပြီး၊ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ အဖွဲ့ချုပ် အနေနဲ့ အခိုင်အမာယုံ ကြည်ကြောင်း ဖော်ပြထားတဲ့ ကြေညာ စာတမ်းတစောင်လည်း ဒီ ဧပြီ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲပြီးဆုံးသွားပြီဖြစ်လို့ အဖွဲ့ချုပ်ဟာ ပြည်သူတွေ လိုလားတောင့်တနေတဲ့ စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ပြုပြင်ရေးများကို ဒီမိုကရေစီမူများနဲ့ အညီ အမြန်ဆုံး စတင်လုပ်ဆောင်မှာ ဖြစ်တယ်။ ပြည်သူလူထုကလည်း ဒီလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ကြလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
ဒီနေ့ ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲကို အဖွဲ့ချုပ် နာယက အဖွဲ့ဝင်တွေ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။
အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ပွဲ အသုံးစရိတ်တွေကို သတ်မှတ်ရက်အတွင်း ဂရုတစိုက် တင်ပြကြဖို့လည်း ပါတီဥက္ကဋ္ဌနဲ့ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာတို့က တိုက်တွန်းနှိုးဆော်ခဲ့ပြီး လာမယ့် ဧပြီ ၁၉ နဲ့ ၂၀ ရက်တို့မှာ ပြန်လည် တွေ့ဆုံကြဖို့ရှိတယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။ အဲ့ဒီလို တွေ့ဆုံတဲ့အခါမှာတော့ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖို့အတွက် လိုအပ်တာတွေကို အသေးစိတ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။












