A d v e r t i s e m e n t With Us

တရုတ်တွင် အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၉ ရှိ ငလျင်လှုပ်ခတ်

တရုတ်နိုင်ငံက တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ ဝေးလံ သီခေါင်တဲ့ အစိတ်အပိုင်းမှာ အင်အား ရစ်ခ်ျတာစကေး ၆.၉ ရှိတဲ့ ငလျင်တခု  လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိစစ်တမ်း (USGS) က ပြောပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ ဆုံးရှုံးပျက်စီးမှု အစီရင်ခံစာတွေ ချက်ချင်း မရသေးပါဘူး။ ဒေသစံတော်ချိန် ဒီနေ့မနက် ၆ နာရီခွဲမှာ တိဘက်ကုန်းပြင်မြင့်ရဲ့ မြေအောက် အနက် ၆.၂ မိုင်ကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာလို့ USGS က ပြောပါတယ်။ တိဘက်ရဲ့ လင်ချီးမြို့က လူမနေတဲ့ ဒေသမှာ ငလျင်က ဗဟိုပြု လှုပ်ခတ်ခဲ့တယ်၊ အသေအပျောက် အစီရင်စာတွေ မရသေးဘူးလို့ အစိုးရက တရားဝင် ဘလော့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ငလျင်ဟာ အင်အားပြင်းပြီး ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်တာပါ။ ငလျင်ကြောင့် လင်းချီမြို့နားက ရွာတွေမှာ ထိခိုက်ပျက်စီးပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်၊ စုံစမ်းစစ်ဆေးဖို့ ပညာရှင်အဖွဲ့နဲ့ အရေးပေါ် တုံ့ပြန်ရေး ဝန်ထမ်းတွေကို စေလွှတ်ပြီးပြီလို့ တရုတ်အစိုးရ မီဒီယာ ဆင်ဟွာက ပြောပါတယ်။ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ကပ်ဘေး သက်သာရေး ပစည်းတွေနဲ့ ယာယီတဲတွေ ကူညီချထားပေးဖို့ စစ်သားတွေ စစ်ရဲတွေနဲ့ မီးသတ်သမားတွေကို တာဝန်ချထား ပြီးပြီလို့ အစိုးရ ရုပ်သံက ပြောပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသဟာ ငလျင် မကြာခဏ လှုပ်လေ့ရှိတဲ့ အရပ်ပါ။ ၂၀၀၈ ခုနှစ်က စီချွမ်ပြည်နယ်မှာ လှုပ်တဲ့ ငလျင်ကြောင့် လူ ၇ သောင်းနီးပါး သေဆုံးခဲ့ ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up