အီးယူပိတ်ဆို့ဒဏ်ခတ်မှုရုပ်သိမ်းရန် ပြင်သစ်တောင်းဆိုမည်
ပီတာအောင်
·
April 6, 2012
[caption id="attachment_23852" align="alignright" width="199" caption="ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အာလန်ယူပေ"][/caption]
ဥရောပသမဂ္ဂ(အီးယူ)အနေနဲ့ မြန်မာနိုင်ငံပေါ် ပိတ်ဆို့ ဒဏ်ခတ် အရေးယူထားမှုတွေကို ဖြေလျော့ပေးလာအောင် ပြင်သစ်နိုင်ငံက တောင်းဆို သွားမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီပါတီ အနိုင်ရသွားပြီးတဲ့နောက် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာချိန်မှာ ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံတွေကလည်း လျော့ပေးဖို့ ခြေလှမ်းတွေ ပြင်နေကြတာပါ။
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အာလန်ယူပေ က မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ပြုပြင် ပြောင်းလဲမှုကို အားပေးကြောင်းပြသတဲ့နေနဲ့ အီးယူအဖွဲ့ဝင်တွေကို မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားမှု စပြီးလျော့ပေးဖို့ ပြင်သစ်နိုင်ငံအနေနဲ့ အဆိုပြု သွားမယ်လို့ ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
“ပိတ်ဆို့ဒဏ်ခတ်မှုဟာ အလုပ်မဖြစ်ဘူးလို့ လူတွေက ပြောကြတယ်။ ဒါပေမယ့် မြန်မာကိစ္စမှာတော့ စစ်အစိုးရဟာ အထီးကျန်ဖြစ်နေတာကြောင့် တရုတ်ရဲ့ အိတ်ကပ်ထဲ မြန်မာပြည် ရောက်ရတယ်။ ဒါကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုဟာ အစိုးရရဲ့ ရပ်တည်ချက်ကို ပြောင်းဖို ပံ့ပိုးမှု ဖြစ်တယ်”လို့လည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ “မြန်မာနိုင်ငံအပေါ်မှာ တားဆီး ပိတ်ဆို့မှုတွေ နှစ်ပေါင်း ၂၀ ကျော်လောက် ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ ရဲ့စီးပွားရေးဟာ တိုးတက်သင့်သလောက် မတိုးတက်ပါဘူး။ အခုတော့ တားဆီးမှုတွေ ဖြေလျော့သွားမယ်ဆိုလို့ရှိရင်တော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ပေါင်းစည်းနိုင်မှုအတွက် အလားအလာကောင်းတွေ ကျနော်တို့ ရလာမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်စဉ် သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
အီးယူဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် လက်နက် အရောင်းအဝယ် ပိတ်ဆို့မှု အပါအဝင် ဖွံ့ဖြိုးရေး အကူအညီ တချို့မပေးဘဲ ဆိုင်းငံ့မှုတွေ ပြုလုပ်ထားတာပါ။
အီးယူ အမှုဆောင် အရာရှိတွေကတော့ လာမယ့် ဧပြီ ၂၃ ရက်မှာ ကျင်းပမယ့် အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှု တချို့ကို ပြန်ရုပ်သိမ်းဖွယ်ရှိတယ်လို့ မီဒီယာတွေကို အရိပ်အမြွက် ပြောဆိုထားပါတယ်။
အမေရိကန်နဲ့ ဩစတြေးလျနိုင်ငံတို့ကလည်း မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျော့ပေးမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဖော် ကြေညာ ထားပါတယ်။