ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှု လျော်ကြေးကျပ်သိန်း ၇ ထောင်ခန့်ပေးရန် ဆုံးဖြတ်
ပိုင်စိုး
·
November 15, 2017
ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအတွက် လျော်ကြေး ကျပ်သိန်း ၇ ထောင်လောက်ပေးဖို့ ဆုံးဖြတ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်း တာဝန်ရှိသူက ပြောပါတယ်။
ထူးကုမ္ပဏီအုပ်စု ပိုင်ဆိုင်တဲ့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ဟာ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းက မီးလောင်ခဲ့တာဖြစ်ပါတယ်။
အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းက “ကျပ်သန်း ၆၅၀ ဝန်းကျင်၊ ၇၀၀ လောက်ပေါ့ ပေးဖို့ ဆုံးဖြတ်ပါတယ်။ လျော်ကြေးပေးတဲ့ နေ့မှာလည်း အားလုံးကို ဖိတ်ပါမယ်” လို့ ပြောပါတယ်။
ဟိုတယ်မီးလောင်မှုကြောင့် တည်းခိုသူ နှစ်ယောက်သေဆုံးပြီး မီးသတ်ဦးစီးမှူးတယောက် ဒဏ်ရာ ရခဲ့ပါတယ်။
ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ပင်မအဆောက်အအုံကို မြန်မာ့အာမခံလုပ်ငန်းမှာ မီးအာမခံအဖြစ် ငွေကျပ်သန်း ၈၀၀ ထားရှိခဲ့ပြီး အောင်သစ္စာဦး အာမခံလုပ်ငန်းမှာတော့ ငွေကျပ်သန်း ၅၀၀ ကျော် မီးအာမခံ ထားရှိခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်က မင်္ဂလာဈေးမီးလောင်မှုမှာတော့ အာမခံလျော်ကြေး ကျပ်သန်း ၂၀၀ ပေးခဲ့တယ်လို့ သိရပါတယ်။