Home
မြန်မာသတင်း
ဆွေးနွေးပွဲရလဒ်များကို အန်စီအေနောက်ဆက်တွဲအဖြစ်သတ်မှတ်ရန် ယူအန်အက်ဖ်စီလိုလား
ရွှေအောင်
·
November 14, 2017
  ယူအန်အက်ဖ်စီနဲ့ အစိုးရတို့ ၁၆ လကျော်ကြာဆွေးနွေးပြီး ရရှိတဲ့ရလဒ်တွေကို အန်စီအေ အပစ်ရပ်စာချုပ်ရဲ့ နောက်ဆက်တွဲအဖြစ် သတ်မှတ်အကောင်အထည်ဖော်ပေးဖို့ လိုလားတယ်လို့ ယူအန်အက်ဖ်စီပြောခွင့်ရ ဦးထွန်းဇော်က ပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက် ဒီနေ့ပြုလုပ်ခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)ရဲ့ တိုးချဲ့အရေးပေါ် အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့ လိုလားတာက အန်စီအေရဲ့ နောက်ဆက်တွဲအနေနဲ့ ထားရှိဖို့ အန်စီအေ လက်မှတ်ရေးထိုးပြီးရင် အန်စီအေ အကောင်အထည်ဖော်တဲ့အခါမှာ ဒီ သဘောတူညီချက်တွေကို လည်းပဲပါဝင်ဖို့ ကျနော်တို့ဘက်က လိုလားတယ်။ အန်စီအေ အကောင်အထည်ဖော်မှုမှာ ကျနော်တို့ရဲ့ ဒီ ၁၆ လ ၁၇ လတာ ဆွေးနွေးလာတဲ့ ဆွေးနွေးမှုရလဒ်ဟာ အဲ့ဒီမှာလည်းပဲ အကျိုးသက်ရောက်မှု ရှိစေရမယ်။” နိုဝင်ဘာ ၁၆ ရက် ရန်ကုန်မှာ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ ဒီ အချက်အပေါ် အတော်လေး အကြေအလည် ဆွေးနွေးကြရဦးမယ်လို့လည်း သူက ပြောပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်ခဲ့တဲ့  ယူအန်အက်ဖ်စီရဲ့ တိုးချဲ့အရေးပေါ် အစည်းအဝေးမှာ အစိုးရနဲ့ ၈ ကြိမ်မြောက်ဆွေးနွေးပွဲက ရရှိလာတဲ့ရလဒ်တွေကို အဖွဲ့ခေါင်းဆောင်တွေထံ တင်ပြခဲ့ပြီး လာမယ့် ၉ ကြိမ်မြောက်တွေ့ဆုံပွဲမှာ ဆွေးနွေးမယ့်အကြောင်းအချက်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အစိုးရနဲ့ အပစ်မရပ် ယူအန်အက်ဖ်စီတို့ကြားမှာ ယူအန်အက်ဖ်စီဘက်က တောင်းဆိုထား တဲ့ အချက် ၈ ချက်အနက် ၁ ချက်ပဲဆွေးနွေးဖို့ ကျန်ရှိပြီး ၈ ချက်စလုံး သဘောတူရင် ယူအန်အက်ဖ်စီက အန်စီအေမှာ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCမှာ လက်ရှိ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP။ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU နဲ့ ရခိုင်အမျိုးသားကောင်စီ ANC အဖွဲ့တို့ ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024