မြန်မာအပေါ် ပိတ်ဆို့ထားမှု ရုပ်သိမ်းရန် အာဆီယံကြေညာ
ရွှေအောင်
·
April 5, 2012
မြန်မာကို ပိတ်ဆို့ အရေးယူထားတာတွေ ချက်ချင်းရုပ်သိမ်းပေးဖို့ အာဆီယံက ဒီနေ့မှာပဲ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၂၀ မြောက် အာဆီယံထိပ်သီး စည်းဝေးကနေ အခုလို တောင်းဆိုလိုက်တာပါ။
ဒီတကြိမ်ကျင်းပတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲမှာ မြန်မာ့ရွေးကောက်ပွဲ အောင်မြင်တဲ့အကြောင်း ဆွေးနွေးခဲ့ကြပြီး၊ အာဆီယံနိုင်ငံတချို့နဲ့ တရုတ်နိုင်ငံတို့ အကြား အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေး စတာတွေ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံ ထိပ်သီးစည်းဝေးပွဲ တက်ရောက်ပြီး သတင်းရယူနေတဲ့ ပြည်တွင်းဂျာနယ်သတင်းထောက်တဦးကို ကိုရွှေအောင်က ဆက်သွယ်မေးကြည့်ထားပါတယ်။
အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ ထူးထူးခြားခြား မြန်မာနဲ့ ပတ်သက်လို့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ သိပါရစေခင်ဗျ။
“လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြောသွားတာက ရွေးကောက်ပွဲက လွတ်လပ်မျှတတယ်။ အဲဒီအတွက် အရမ်းကိုကြိုဆိုပါတယ်။ ဒီနေ့ပဲ ကြေညာချက် ထုတ်လိုက်တယ်။ အာဆီယံအနေနဲ့ ဗမာပြည်ပေါ် ချထားတဲ့ ပိတ်ဆို့မှုတွေကို ချက်ချင်းရုတ်သိမ်းပေးဖို့ဆိုပြီး ဒီနေ့ပဲ ကြေညာချက်ထုတ်လိုက်တယ်။ ဒီနေ့ ကျနော်တို့ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ (ဆူရင်)နဲ့တွေ့တော့ လက်ရှိ အစည်းအဝေးရဲ့ အရေးကြီးဆုံး ရလာဒ်က မြန်မာပြည်ကိစ္စလို့ သူကတော့ ပြောသွားတယ်။”
အရေးအကြီးဆုံးကိစ္စက မြန်မာပြည်ကိစ္စဆိုတာက မြန်မာပြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ ထောက်ခံလိုက်တယ်။ ပြီးတော့ ကျနော်တို့ မြန်မာကို ပိတ်ဆို့ထားတာတွေ ပယ်ဖျက်ပေးဖို့၊ အာဆီယံအနေနဲ့ တရားဝင်စာထုတ်ပြီး ကြေညာချက်ထုတ်တယ်။ အဲဒါကို ဆိုလိုတာလား။
“သူတို့အတွက် အရေးကြီးဆုံးရလာဒ်က ဟုတ်တာပေါ့။ မြန်မာပြည်နဲ့ ပတ်သက်ပြီး အဓိကပြောချင်တာက အဲဒီ ၂ ခုရှိတာပေါ့။”
ပြီးသွားတဲ့ အာဆီယံထိပ်သီးမှာ မြန်မာ့အရေးအပြင် အခြားဘယ်လို အကြောင်းအရာတွေက လွှမ်းမိုးခဲ့တယ်လို့ ပြောလို့ရမလဲ။ ဆွေးနွေးတဲ့အထဲမှာ။
“အဓိက အရေးအကြီးဆုံးက တောင်တရုတ်ပင်လယ်ကိစ္စပဲ။ အဲဒါက အဓိက အရေးအကြီးဆုံးပဲ၊ တော်တော်များများ သတင်းထောက်တွေက အဓိကထား မေးနေတာ တွေ့ရတယ်။ ဗမာကိစ္စအပြင်ပေါ့။”
အဲဒါ ဘယ်လိုအဖြေရလဲခင်ဗျ။
“အဓိက အဖြေတော့ ထုံးစံအတိုင်းပဲ သိပ်ကွဲကွဲပြားပြား ထွက်မလာဘူး။ အခြေခံ စည်းမျဉ်းဆွဲမယ်၊ အဲဒီအခါမှာ ဖိလစ်ပိုင်က တမျိုးဖြစ်နေတယ်။ တခြားနိုင်ငံတွေဆွဲတာ တမျိုးဖြစ်နေတယ်။ အဲဒီလိုတော့ အငြင်းပွားဖွယ်ရာရှိတယ်။”
မြန်မာအဖွဲ့က သတင်းထောက်တွေနဲ့ သီးခြားတွေ့ဆုံပြီး သတင်းစာ ရှင်းလင်းတာတွေ ဘာတွေလုပ်တာတွေ့ရလား။
“သပ်သပ်စီရှင်းလင်းပွဲ လုပ်သွားတာတော့ မရှိဘူး။”
ကျနော်မမေးဘဲ တခြားထူးထူးခြားခြား ပြောစရာရှိရင် ပြောပေးပါဦး။
“အာဆီယံလူထုဖိုရမ်၊ အာဆီယံ အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်ဆိုတာမျိုး ၂ ခု ကွဲသွားတယ်။ ဘာလို့လဲဆိုတော့ အစိုးရက သူတို့ကို သပ်သပ်အော်ဂနိုက်လုပ်တယ်၊ ပြီးရင် အာဆီယံ ဒေသတွင်းကလူတွေ တကယ့်ကို အရပ်ဖက်အဖွဲ့အစည်းတွေ တိုက်ရိုက် အမြဲတမ်း အစဉ်တစိုက်လုပ်လာတဲ့ လူတွေ၊ အော်ဂနိုက် လုပ်တာကိုကျတော့ သူတို့က အသိအမှတ် မပြုဘူးဆိုတဲ့ သဘောမျိုး လုပ်သွားတာတွေ့ရတယ်။ ဆိုလိုရင်းက အဲဒါ ၂ ခုကွဲသွားတယ်။ အစိုးရက ပံ့ပိုးပြီး နောက်ခံထားတဲ့တခုရယ်၊ တကယ့်ကို လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ အရပ်ဘက် အဖွဲ့အစည်းတွေ လုပ်တဲ့ပုံစံမျိုး တခုရယ်၊ ၂ ခုကွဲသွားတာ တွေ့ရတယ်။ လက်ရှိအဆိုးဆုံး ပြဿနာက လယ်ယာမြေသိမ်းတဲ့ကိစ္စ ကမ္ဘောဒီယားမှာ လက်ရှိဖြစ်နေတာပေါ့။ ဒါပေမယ့် အဲဒီအစိုးရက ဘာတွေ့ရလဲဆိုတော့ ပထမတရက် လူထုအခြေပြု အဖွဲ့အစည်းတွေက လုပ်တယ်။ နောက်တရက်ကျတော့ လယ်ယာမြေသိမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဝပ်ရှော့ (အလုပ်ရုံ ဆွေးနွေးပွဲ) ၃ ခုလောက်ကို ဖျက်ပြစ်လိုက်တာကို တွေ့ရတယ်။ ဖျက်တယ်ဆိုတာ တိုက်ရိုက် ဖျက်တာမဟုတ်ဘူး။ ဟိုတယ်က ဒီဟာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ လက်မခံဘူးပေါ့။ ရွှေ့ခိုင်းတာတွေ့ရတယ်။ ပြီးတော့ နောက်တခု ဗမာအကြောင်းဆွေးနွေးပွဲ လုပ်ဖို့ဆိုတာ ရွှေ့ခိုင်းတာ တွေ့ရတယ်။ အဓိကတော့ ၂၀၁၄ ကျရင် ဗမာပြည် အာဆီယံ လုပ်တဲ့အလှည့်ကျရင် တကယ့်ကို လူထုအခြေပြုတဲ့ အာဆီယံ ကွန်မြူနတီ ဖြစ်အောင်ဘယ်လို သွားကြမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့လုပ်တာ စီစဉ်တာ တွေ့ရတယ်။ ဒါပေမယ့် သူတို့မလုပ်လိုက်ရဘူး။”