
အသင်းအပင်းအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ်ဖွဲ့စည်းထူထောင်ကြဖို့ ၈၈ မျိုးဆက်ကျောင်းသားများက မအူပင်မြို့ခံလူထုကို ဒီကနေ့ဟောပြောပွဲမှာ တိုက်တွန်းလိုက်ပါတယ်။
မအူပင်တက္ကသိုလ်အနီး လယ်ကွင်းတခုမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ပြောဆိုလိုက်တာပါ။ ဒီပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာနဲ့ ကိုကျော်ကိုကို၊ ကိုဒီငြိမ်းလင်း ကိုစည်သူမောင် စတဲ့ ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်တွေ တက်ရောက်ပြီး ဗကသ ခွပ်ဒေါင်းအလံတွေ လွင့်ထူခဲ့သလို မအူပင်မြို့က ကျောင်းသားပြည်သူတွေ ရာပေါင်းများစွာ တက်ရောက်ပါတယ်။
ဒီဟောပြောပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ဟောပြောခဲ့တာကတော့
“ပွင့်လင်းလူ့အဖွဲ့အစည်းတွေရဲ့ အခြေခံအချက် ၄ ချက်ဖြစ်တဲ့ အဖွဲ့အစည်းတွေ ရှိရမယ်၊ အဲဒီအဖွဲ့အစည်းတွေ ကွန်ရက်သဖွယ် ယှက်နွယ်ပြီးတော့ တခုနဲ့တခု ပေါင်းစည်းရမယ။၊ အဆက်မပြတ်လှုပ်ရှားမှုတွေ ရှိရမယ်။ မီဒီယာရှိရမယ်။ အဲဒီအချက် ၄ ချက်ကို အခိုင်အမာတည်ဆောက်ထားနိုင်ပြီဆိုရင် မတရားမှုမှန်သမျှဟာ ပပျောက်လာပါလိမ့်မယ်။ မတရားမှု ပပျောက်ရင် အမှန်တရား ပေါ်ထွန်းလာပါလိမ့်မယ်။ အမှန်တရား ပေါ်ထွန်းလာတာနဲ့အမျှ ဒီမိုကရေစီဟာ ခိုင်မာလာပါလိမ့်မယ်။ အဲဒီတော့ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ အာမခံနိုင်တာ တခု ရှိပါတယ်။ အဲဒါက ၈၈ မျိုးဆက်ကျောင်းသားတွေဟာ အင်အားသုံးပြီး မတရားမှု မှန်သမျှ၊ တဖက်သက် ဆောင်ရွက်ချက်မှန်သမျှကို ဘယ်တော့မှ လက်မခံ တွန်းလှန်သွားမယ်ဆိုတာ ပြောကြားရင် နိဂုံးချုပ်ပါတယ်။”
ဒီပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ ရည်ရွယ်ချက်ကို ဗကသခေါင်းဆောင် ကိုစည်သူမောင်က ခုလို ရှင်းပြပါတယ်။
“ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရပ်ဘက် လူ့အဖွဲ့အစည်းဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့၊ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့အတွက်ကို လူထုကို အဓိကအနေနဲ့ ဆွေးနွေးပွဲတွေ လုပ်ပေးတာပါ။ ပြောရဲဆိုရဲရမယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ကျင်းပတာ ဖြစ်ပါတယ်။”
ဒီကျောင်းသားခေါင်းဆောင်တွေဟာ စစ်အစိုးရလက်ထက်က နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံရပြီး ဒီနှစ်ဆန်းမှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီနောက် ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲတွေကို ကျင်းပလာနေတာပါ။ အဓိကအားဖြင့် အသင်းအပင်းတွေ ဖွဲ့စည်း၊ တဖွဲ့နဲ့တဖွဲ့ ကွန်ရက်လို ချိတ်ဆက်ပြီး လူသားအကျိုးပြု လုပ်ငန်းတွေ လုပ်ကြဖို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုကြဖို့ အများပြည်သူကို လေ့ကျင့်တိုက်တွန်းနေတာ ဖြစ်ပါတယ်။











